မြောက်ဦးမြို့အတွင်း ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ


2019.03.16
khaingkhaingthein-myaukoo-622.jpg အစိုးရတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကျည် ထိမှန်ခဲ့တဲ့ ဒေါ်ခိုင်ခိုင်သိန်း ကို မြောက်ဦးဆေးရုံမှာ တွေ့ရစဉ်
.

တပ်မတော်က ပစ်ခတ်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တောင်ဦးရွာက ဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဒီနေ့ သေနတ်ကျည် ထိမှန်ခဲ့တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က RFA ကို ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ဘယ်ဘက်ပေါင်မှာ သေနတ်ကျည် ထိမှန်ခဲ့တာဖြစ်ပြီး RFA က ဆက်သွယ်မေးမြန်းချိန်မှာ မြောက်ဦးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။

မြောက်ဦးမြို့ပေါ်မှာ ဒီနေ့ ညနေပိုင်းအထိ သေနတ်သံတွေ ကြားနေရပြီး တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲ တပ်မတော်က ပစ်ခတ်နေတာသာဖြစ်ကြောင်း ဆိုပါတယ်။

မနေ့ညကလည်း မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်ထဲကို အစိုးရတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦး လက်နက်ကျည် ထိမှန်ခဲ့ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က ကျောက်ရစ်ကေရပ်ကွက်အနီး သုဿန်ထဲကနေ AA ရက္ခိုင့်တပ်မတော်က အစိုးရတပ်ကို ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်တာဖြစ်ကြောင်း၊ ဒီနေ့မှာတော့ မြောက်ဦးမြို့နယ်ထဲကို တပ်မတော်စစ်ကြောင်းတွေ လှုပ်ရှားသွားလာတာ၊ ပစ်ခတ်တာမရှိကြောင်း RFA ကို ဖြေကြားခဲ့ပါတယ်။ AA အဖွဲ့ကတော့ မြောက်ဦးမြို့နယ်မှာ မနေ့က တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် နဲ့ မသီရိမင်းဇင် တို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။