အမ်းမြို့နယ် ဒါးလက်ချောင်းက ဒဏ်ရာရက‌လေးငယ်ကို စစ်တွေဆေးရုံပို့ ကုသထားရ


2020.07.03

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု နတ်မော်ကျေးရွာထဲကို ဇွန်လ ၂၆ ရက်နေ့ ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒဏ်ရာရခဲ့တဲ့ တစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦးကို မနေ့က စစ်တွေဆေးရုံကြီးကို ပို့ဆောင်ကုသထားရတယ်လို့ မိသားစုတွေက RFA ကို ပြောပါတယ်။

နေအိမ်ရှေ့ကို ကျရောက်ခဲ့တဲ့ လက်နက်ကြီးကြောင့် ကလေးရဲ့ဖခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ကလေးငယ်ကတော့ ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဆွေမျိုးတော်စပ်သူ ဒေါ်ခင်ခင်မာက RFA ကိုပြောပါတယ်။

“သူတို့ထမင်းစားပြီးလို့ အိမ်ရှေ့မှာ ခုံနဲ့ထိုင်နေတယ်။ ကလေးကတော့ လမ်းလျှောက် နေတယ်။ လမ်းလျှောက်နေတုန်း သူ့အဖေမှာ လက်နက်ကြီး ကျတယ်။ ပထမဆုံးကျတဲ့သူကတော့ လည်ပင်းကိုထိလို့  သေသွားတယ်။ အတိအကျတော့ မသိဘူး။ ကလေးရဲ့အဖေမှာတော့ လက်နဲ့ခြေထောက်မှာ ဒဏ်ရာရတယ်။  သူတို့လုပ်ရင်းကိုင်ရင်းနဲ့ ၈ နာရီလောက်ထိုးသွားတယ်။ သူ့ကို ဆရာဝန်ရှိတဲ့နေရာကို ပို့တယ်။ အဲဒီပို့တဲ့လမ်းမှာပဲ ဒီကလေးရဲ့အဖေက သေဆုံးသွားပါတယ်”

ကလေးရဲ့ဒဏ်ရာအခြေအနေ အသးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ မိသားစုကပြောပါတယ်။

ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကြောင့် အသက် ၆၇ နှစ်အရွယ် ဦးဘမောင်နဲ့ ကလေးအဖေ ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦးညွန့်အေး တို့ သေဆုံးခဲ့ပါတယ်။ အနီးအနားမှာရှိတဲ့ အသက် တစ်နှစ်သားသာသာ အရွယ် ကလေးငယ်နဲ့ အသက် ၅၉ နှစ်အရွယ် ဦးချစ်တင်၊ အသက် ၃၆ နှစ်အရွယ် ဒေါ်လှလှနွယ် တို့ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

အဲဒီအထဲက ဒေါ်လှလှနွယ်ကတော့ အမ်းမြို့ဆေးရုံမှာ ကုသမှုခံယူနေပြီး ဦးချစ်တင်ကတော့ ရွာမှာရှိတဲ့ အရပ် ဆေးဆရာနဲ့ ကုသနေတယ်လို့ ရွာသားတွေကပြောပါတယ်။ ကလေးကိုလည်း ရွာမှာရှိတဲ့ ဆေးဆရာနဲ့ ကနဦး ကုသခဲ့ပြီးနောက် မနေ့က စစ်တွေဆေးရုံကို လာခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးကြောင့် အမျိုးသား သေဆုံးခဲ့ရသလို ကလေးကိုပါ ထိခိုက်ခဲ့လို့ စိတ်ထိခိုက်ကြေကွဲရကြောင်း၊ တိုက်ပွဲတွေ အေးချမ်းပြီး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းပေးကြဖို့ ပြောလိုကြောင်း  ကလေးအမေဖြစ်သူ ဒေါ်ရီရီဝင်းက ပြောပါတယ်။

“အမျိုးသားနဲ့သမီး ခုလိုဖြစ်သွားတဲ့အတွက် ရင်ထဲမှာ တော်တော်လေးခံစားရပါတယ်။ ပြောလို့ မထွက်တော့ဘူး။ အခုလို ပြည်သူလူထုတွေ ဒုက္ခရောက်နေလို့ ငြိမ်းချမ်းရေး ရစေချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အဲလိုမဖြစ်စေချင်ဘူး”

နတ်မော်ရွာရဲ့အနောက်ဘက် တောင်ကုန်းမှာ တပ်မတော်လက်နက်ကြီး စခန်းရှိပြီး အဲဒီကနေတစ်ဆင့် ပစ်ခတ်ရာမှာ ရွာထဲကိုကျရောက်ခဲ့တာလို့ ကျေးရွာသားတွေက ပြောပါတယ်။

နောက်တစ်နေ့ ဇွန်လ ၂၇ ရက်နေ့မှာတော့ နတ်မော်နဲ့ အနီးအနားရွာအချို့က ဆရာတော်တွေနဲ့ လူကြီးအချို့ကို တပ်မတော်တာဝန်ရှိသူတွေက ခေါ်ယူပြီး နယ်မြေရှင်းလင်းစရာရှိနေလို့ ခေတ္တရှောင်နေကြဖို့ နှုတ်နဲ့ ပြောဆို ခဲ့တာကြောင့် ကျေးရွာသား အများအပြားဟာ အခြားနီးစပ်ရာရွာတွေကို ပြောင်းရွှေ့ သွားကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။

တပ်မတော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေ သေကြေထိခိုက်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေ နဲ့ ကျေးရွာသားတွေရဲ့ ပြောပြချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က တုံ့ပြန်ပြောကြားချက်ရနိုင်ဖို့  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဒီညနေပိုင်းအထိ အကြိမ်ကြိမ် တယ်လီဖုန်းကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေနဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ တမင် ပစ်မှတ်ထားတိုက်ခိုက်တာမျိုး မရှိကြောင်း၊ အရပ်သားထိခိုက်မှုမရှိအောင် အရပ်သားပြည်သူတွေရှိတဲ့ နေရာတွေမှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ဖို့ တစ်ဘက်အဖွဲ့အစည်းကို ပြောကြားခဲ့တာရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ လပိုင်းတွေက RFA က မေးမြန်းရာမှာ ဖြေကြားခဲ့ဖူးပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားအရေအတွက် လည်း တဖြည်းဖြည်း များလာနေပါတယ်။

RFA ကကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီနှစ် ဇွန်လ ၂၉ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား(၂၆၆) ဦး နဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား (၅၇၆)ဦး အထိ ရှိနေပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ မတ်လအတွင်း ရခိုင်ပြည်နယ် အလယ်ပိုင်း တစ်ခုတည်းမှာတင် မိုင်းတွေကြောင့် ကလေးငယ် ၁၈ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရခဲ့ကြတယ်လို့ Save The Children အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။