ဆန္ဒပြ လမ်းဘေးဈေးသည် ၁၁ ဦး စတင်စစ်ဆေး

ရန်ကုန်မြို့ အင်းစိန်ပန်းခြံအနီးမှာ ဆက်လက် ဈေးရောင်းချခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လမ်းဘေး ဈေးသည် (၁၁) ဦးကို တရားမဝင် စုရုံးမှု ပုဒ်မ ၁၈ (က) နဲ့ တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတယ်လို့ သိရပါတယ်။

2012.08.13
insein-vendors-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ လမ်းဘေးဈေးသည်များ တောင်းဆို ဆန္ဒဖော်ထုတ်နေကြစဉ်။
RFA

အဲဒီ ဈေးသည် ၁၁ ဦးကို စစ်ဆေးပြီးတဲ့နောက် ကိုယ်ပိုင် ခံဝန်ချက်ပေးပြီး နောက်တစ်ပတ် အင်္ဂါနေ့ကို ရုံးချိန်းထပ်မံ သတ်မှတ်လိုက်တယ်လို့ ဈေးသည်တွေရဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက RFA ကို ပြောပါတယ်။

ဈေးရောင်းချခွင့် ပြန်လည်ရရှိဖို့ သြဂုတ်လ ၆ ရက်နေ့က တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည်တွေကို ရဲဘက်က အဲဒီနေ့ ညနေ ၃ နာရီမှာ ဖမ်းဆီး ခေါ်ဆောင်သွားပေမယ့် အဲဒီနေ့ ညပိုင်းမှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

အင်းစိန်ပန်းခြံအနီး ဒက္ခိဏလမ်းမှာ လွန်ခဲ့တဲ့နှစ် (၂၀) လောက်ကတည်းက ဈေးရောင်းချလာခဲ့တဲ့ ဈေးသည် တစ်ရာကျော်ကို အဲဒီနေရာမှာ လုံး၀ ဈေးမရောင်းတော့ဖို့ သြဂုတ်လ ၃ ရက်နေ့စလို့ အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့ အတွက်ကြောင့် ဈေးသည်တွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။