နိုင်ငံတော်အလံဖြုတ်ချ မှု ကျောင်းသားတွေကို ဆက်လက်ရုံးထုတ်စစ်ဆေး


2015.05.07
myinchan-students-305.jpg မြင်းခြံဒီဂရိကောလိပ်မှာ စိုက်ထူထားတဲ့ နိုင်ငံတော်အလံ ကို ဖြုတ်ချမှုနဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားနှစ်ဦးကို မေလ ၇ ရက်နေ့က မြင်းခြံမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်စဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်းဒေသကြီး မြင်းခြံ ဒီဂရိကောလိပ်မှာ စိုက် ထူထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချမှုနဲ့ တရားစွဲ ခံထားရ သူ ကျောင်းသား ငါးဦးထဲက နှစ်ဦးကို မြင်းခြံ မြို့နယ် တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ နဲ့ မြင်းခြံ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရ သူ ကျောင်းသားနှစ်ဦးဟာ အလံဖြုတ်ချမှုမှာ မပါဝင်ခဲ့ဘူးဆိုတာကို သက်သေပြဖို့ ပြင်ဆင် ထားကြောင်း ကျောင်းသားနှစ်ဦးရဲ့အမှုကို ဆောင် ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးချမ်းမြေ့ က ပြောပါတယ်။

"ကျနော်တို့က အမှုသည်ဆီက ညွှန်ကြားချက်တွေ ကို ပြည့်ပြည့်စုံစုံယူထားတဲ့အခါမှာ သူတို့အထဲမှာ မပါဝင်တဲ့အကြောင်း ကျနော်တို့သိတယ်၊ ဒီအခွင့် အရေးကို ကျနော်တို့က အပြည့်အဝတောင်းပေး မှာလေ၊ သူတို့က စွပ်စွဲခံရတဲ့အဆင့်ပဲရှိတာကိုး၊ ကျနော်တို့မှာလည်း သက်သေစုဆောင်းထားတာလည်းရှိတယ်လေ"

ဒီကနေ့ ရုံးထုတ်စစ်ဆေးခံရသူတွေဟာ အလံဖြုတ်ချရာမှာ မပါဝင်ဘဲ အဖမ်းခံထားရတာလို့ ရတနာပုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂကလည်း ပြောထားပါတယ်။

ဒီနှစ်ဆန်း ဇန်နဝါရီလ ၂၆ ရက်နေ့က ကျောင်းသားသပိတ်စစ်ကြောင်း မြင်းခြံမြို့ကို ရောက်ရှိစဉ်မှာ စစ်ကြောင်းမှာပါဝင်သူတချို့က မြင်းခြံဒီဂရီကောလိပ်မှာ စိုက်ထူထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချပြီး ခွပ်ဒေါင်းအလံကို လွှင့်တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး ကိုမင်းသွေးသစ်၊ ကိုမင်းမင်းဇော်၊ ကိုစိုးလှိုင်၊ ကိုဇင်ကိုသန့်နဲ့ ကိုမြတ်မင်းသူ တို့ကို မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဦးကိုကိုမြင့်က တရားလိုလုပ်ပြီး စွဲဆိုထားတာဖြစ်ပါတယ်။

တရားစွဲခံရသူ ၅ဦးထဲက ကိုမင်းသွေးသစ်နဲ့ ကိုမင်းမင်းဇော်တို့ဟာ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပြီး ကိုမြတ်မင်းသူကိုတော့ ဖမ်းဝရမ်းထုတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။