အိုင်ဗရီကို့စ်က မြန်မာ့ဆန်ကိစ္စ စီးပွားကူးသန်း ဒုဝန်ကြီး ရှင်းလင်း


2019.04.19
myanmar-rice-622.jpg အိုင်ဗရီကို့စ်နိုင်ငံ အဘစ်ဂျန်မြို့တွင် ၂၀၁၉ ဧပြီ ၁၆ ရက်နေ့က မြန်မာနိုင်ငံမှ တင်ပို့သော ဆန်များကို ဖျက်ဆီးနေစဉ်
Photo - Sia KAMBOU / AFP

အာဖရိကမှာ ဖျက်ဆီးခံလိုက်ရတဲ့ မြန်မာ့ဆန်တွေဟာ ဦးပိုင်က မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) အပါအဝင် မြန်မာကုမ္ပဏီ ၃ ခုက ရန်ကုန်အခြေစိုက် Olam International စင်္ကာပူကုမ္ပဏီကို ရောင်းချခဲ့တာဖြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာကနေ ဒီနေ့ ရှင်းလင်းထားပါတယ်။

လတ်တလော ကိစ္စတွေနဲ့ပတ်သက်ပြီး လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ စီးပွားကူးသန်း တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်၊ ဆန်တင်ပို့သူတွေ၊ အရည်အသွေးစစ်တဲ့ အေဂျင်စီတွေပါတဲ့ အစည်းအဝေး တစ်ခုကို နေပြည်တော်မှာ ပြုလုပ်သွားဖို့ရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က RFA ကို ပြောပါတယ်။

ရွှေဝါရောင်ကုမ္ပဏီက တန် ၁၃,၅၀၀ ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC က တန် ၈,၀၀၀ နဲ့ ဧရာဟင်္သာ ကုမ္ပဏီက တန် ၅၀၀ စုစုပေါင်းတန် ၂၂,၀၀၀ ကို မိုးတွင်းဘက်မှာ ၂ လခွဲကြာ အချိန်ယူတင်ဆောင်ပြီးနောက် သင်္ဘောဟာ ၂၀၁၈ အောက်တိုဘာလမှ ရန်ကုန်ဆိပ်ကမ်းကနေ ထွက်ခွာသွားခဲ့တာလို့လည်း ဒုဝန်ကြီး ဦးအောင်ထူး က ရေးသားထားပါတယ်။

အဲဒီနောက် အိန္ဒိယဆိပ်ကမ်းကိုဝင်ပြီး ဆန်တွေတင်ခဲ့တာကြောင့် ဂီနီနိုင်ငံကို ၂၀၁၈ ဒီဇင်ဘာလကျမှ ရောက်ပြီး တန်ချိန် (၄,၀၀၀) ချအပြီးမှာ ဆန်အလေးချိန် မပြည့်တဲ့ပြဿနာကြောင့် အရည်အသွေးစစ်ကုမ္ပဏီက ဆက်လက်မခံခဲ့ကြောင်း၊ ကျန်တဲ့နိုင်ငံတွေကလည်း ဂီနီမှာ ဖြစ်တဲ့ကိစ္စကြောင့် ဆန်တွေကို လက်မခံခဲ့ကြောင်း၊ အဲဒါကြောင့် ဆန်တွေကို မြန်မာနိုင်ငံပြန်သွင်းဖို့ စင်္ကာပူကုမ္ပဏီဘက်က စီးပွားကူးသန်းကို ၂၀၁၉ ဖေဖော်ဝါရီလမှာ အကြောင်းကြားလာခဲ့ကြောင်း၊ စီးပွားကူးသန်းက repair and return စနစ်နဲ့ သွင်းကုန်ပါမစ်တွေကို ချပေးခဲ့ပြီး ဆန်တွေပြန်ရောက်လာရင် စစ်ဆေးဖို့ အဖွဲ့ဖွဲ့ခဲ့တယ်လို့လည်း ဦးအောင်ထူး က ဆိုပါတယ်။

ဒါပေမဲ့ သင်္ဘောက ပြန်မလာခဲ့ဘဲ ဆန်တွေကို အာဖရိကမှာ လှည့်ရောင်းခဲ့တာကြောင့် ပြဿနာပြေလည်သွားပြီလို့ စင်္ကာပူကုမ္ပဏီဘက်က ပြောကြောင်း၊ ပြီးခဲ့တဲ့ရက်ကမှ ရုတ်တရက် မြန်မာဆန်တွေဟာ လူတွေစားသုံးဖို့မသင့်လို့ဆိုပြီး အိုင်ဗရီကို့စ်မှာ ဖျက်စီးခံရတယ်ဆိုတဲ့ သတင်းတွေ တွေ့ရကြောင်း၊ ကုမ္ပဏီတွေက သူတို့အကျိုးစီးပွားအတွက် စီးပွားရေးလုပ်ကြပေမယ့် မြန်မာဆန်ကို နာမည်ပျက်စေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆန်တွေက မြန်မာမှာ သင်္ဘောတင်ချိန်နဲ့ သင်္ဘောပေါ်မှာ ရေငွေ့ဝင်ခဲ့ပုံရကြောင်း၊ သင်္ဘောပေါ်မှာ အချိန်ကလည်း ၈ လ ကျော်ကြာသွားတာကြောင့် ဆန်တွေပျက်စီးသွားပုံရကြောင်းလည်း ဦးအောင်ထူး က သုံးသပ်ပါတယ်။

မြန်မာ့ဆန်တွေ ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စိစစ်လေ့လာ တွေ့ရှိချက်တွေကို လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ မီဒီယာတွေနဲ့တွေ့ဆုံပြီး ရှင်းလင်းသွားမယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။