မြန်မာအစိုးရသစ်ကို ဂျပန် ကူညီမည်


2016.01.27
nyanwin-japan-620.jpg ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း တို့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့က တိုကျိုမြို့က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံကြစဉ်
Photo: Ministry of Foreign Affairs of Japan Website

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မယ့်အစိုးရသစ်ကို ဂျပန်အစိုးရအနေနဲ့ ကူညီထောက်ပံ့ သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိရှိဒ- က ကတိပေးပြောဆိုလိုက်ကြောင်း ဗန်ကောက်ပို့စ် သတင်းမှာ မနေ့က ဖေါ်ပြလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒဆိုင်ရာ တာဝန်ရှိသူ ဦးမျိုးမြင့်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဂျပန် နိုင်ငံခြားရေးဝန်ကြီးက တိုကျိုမြို့မှာ လက်ခံတွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အနေနဲ့ အဆက်မပြတ်ဆက်လက် ထောက်ပံ့သွားမှာ ဖြစ်သလို၊ မြန်မာ အစိုးရသစ်ကို အထောက်အကူဖြစ်စေမယ့် ပုဂ္ဂလိရင်းနှီးမြှုပ်နှံမှုတွေလည်း ဆက်လက်ရရှိအောင် ဆောင်ရွက်သွား မှာဖြစ်ကြောင်း၊ NLD အစိုးရရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန် အရေးကြီးကြောင်းလည်း ပြောဆိုပါတယ်။

ဦးမျိုးမြင့်ကလည်း မြန်မာနိုင်ငံဟာ ခက်ခဲတဲ့ အခြေအနေတွေကြုံနေရပြီး၊ စိမ်ခေါ်မှုတွေလည်း အမြောက်အများ ရှိနေကြောင်း၊ ဒီအခက်အခဲတွေကျော်လွှားနိုင်ဖို့ ဂျပန်အစိုးရရဲ့ အကူအညီဟာ အရေးပါကြောင်း၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ထူထောင်လိုကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းမှာဖေါ်ပြ ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။