မြန်မာ-ဂျပန် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ


2018.08.06
japan-mm-press-622.jpg မြန်မာ-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈၊ သြဂုတ် ၆ ရက်နေ့က ကျင်းပစဉ်
Photo: Myanmar State Counsellor Office - facebook

ခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို က ဒီနေ့ ပြောခဲ့ပါတယ်။

ဂျပန် နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာတွေကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဖေ့ဘွတ်စ်စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။

နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်တာကို ဂျပန်နိုင်ငံအနေနဲ့ တိုက်တွန်းသွားမယ် လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရထားလမ်း၊ ကားလမ်းတွေ တည်ဆောက်ရေး၊ စာသင်ကျောင်း တွေအတွက် ကူညီထောက်ပံ့ရေးနဲ့ လျှပ်စစ်မီးရရှိရေးကို ဂျပန်နိုင်ငံက ကူညီသွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ပြည်သူတွေရဲ့ နေထိုင်မှုဘ၀ အဆင့်မြှင့်တင်ရေးဟာ အင်မတန် အရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ရေးအတွက် အရေးကြီးတယ်လို့ ယူဆကြောင်း ပြောခဲ့ပါတယ်။

မစ္စတာ ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင်ခံစာပါ အဆိုပြုချက် ၈၈ ချက်ထဲက ၈၀ ကျော်ကို ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း၊ ကျန်တဲ့အချက်တွေကို ရေရှည်အနေနဲ့ တစ်လှမ်းချင်း ဆောင်ရွက်သွားရ မှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါ့အပြင် တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေတဲ့ ရခိုင်အရေးကို နှစ်ဘက် ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ခဲ့ကြောင်း ရခိုင်ပြဿနာကို ဘယ်လိုကူညီဖြေရှင်းရမလဲဆိုတဲ့အပေါ် အဓိကထားချည်းကပ်တာကို တန်ဖိုးထားကြောင်း လည်း ပြောပါတယ်။

ရခိုင်အရေးဟာ အင်မတန် နက်နဲရှုပ်ထွေးတဲ့ ကိစ္စဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် အရေးအတွက် ခိုင်ခိုင်မာမာ ဆောင်ရွက်နေတဲ့ အခြေအနေရှိကြောင်း မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေ ကို နိုင်ငံတကာ အသိုင်းအဝိုင်းတွေကို ဂျပန်အစိုးရက ရှင်းပြပေးသွားမှာဖြစ်ကြောင်း မြန်မာအစိုးရ ရဲ့ ဖြေရှင်းဆောင်ရွက်ချက်တွေကို ဂျပန်အစိုးရက တန်ဖိုးထားကြောင်းလည်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။