A.P.F ဂျပန်သတင်းဌာန ပိုင်ရှင် မြဝတီမြို့မှာ အဖမ်းခံရ

ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် APF သတင်းဌာန ပိုင်ရှင်ဖြစ်တဲ့ မစ္စတာ တိုးရု ယာမဂျိ (Toru Yamaji) ကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ဖမ်းဆီးလိုက်ပါတယ်။

2010.11.07
japanese_journalist_toru_yamaji_305_z ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မြဝတီမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဂျပန် APF သတင်းဌာန ပိုင်ရှင် မစ္စတာ တိုးရု ယာမဂျိ (Toru Yamaji)။ (Photo: RFA)
(Photo: RFA)

မစ္စတာ ယာမဂျိ ဟာ ထိုင်းနိုင်င် မဲဆောက်မြို့ကနေ ထွန်စက်တာယာ ဘောကွင်းကို ငှားစီးပြီး သောင်ရင်းမြစ်ကို ဖြတ်ကာ မြန်မာနိုင်ငံ မြဝတီမြို့ဘက်ကို ဒီကနေ့မနက် (၇) နာရီကျော်လောက်မှာ ကူးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် (၈) နာရီခွဲကျော်လောက်မှာ အဖမ်းခံလိုက်ရတာပါ။

မစ္စတာ ယာမဂျိ မြဝတီမြို့ကို ကူးမသွားခင် မဲဆောက်မြို့မှာ သူ့နဲ့ နောက်ဆုံးတွေ့ခဲ့သူ ဦးကိုကိုအောင်က RFA ကို အခုလို ပြောပါတယ်။

“မြဝတီဘက်ကို သူကူးသွားတယ်ဗျာ၊ မဲဆောက်ကနေ။ မနက် ၇ နာရီခွဲကျော်ကျော် ၈ နာရီထိုးခါနီးလောက်။ ကူးသွားပြီးတဲ့အခါကျတော့ ပထမပိုင်းမှာ ကျနော်တို့ဆီကို သူဖုန်းဆက်တယ်။ ကျနော်တို့လည်း ဆက်တယ်။ နောက်ပိုင်း ၈ နာရီ ၄၅ လောက်ကျတော့ အဆက်အသွယ် မရဘူး။ နောက်ပိုင်း ဟိုဘက်ကနေ သတင်းတခု ရတာက သူ့ကို မြဝတီဘက်ကမ်းမှာ ထောက်လှမ်းရေးတို့ ရဲတို့ကနေ ဖမ်းလိုက်တယ်လို့ ကြားတယ်ဗျ။ ကျနော် သိရသလောက် ဒီနေ့လုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူက သတင်းလိုချင်တယ်။ နှစ်အချက်ကတော့ တကယ်လို့များ အခွင့်အရေး ရခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ရန်ကုန်မြို့မှာ သေသွားတဲ့ နာဂအိစံ ရဲ့ ကင်မရာကို သူတောင်းဆိုမယ် စုံစမ်းမယ်လို့ ကျနော့်ကို ပြောသွားပါတယ်”

ရွေးကောက်ပွဲ သတင်းရယူဖို့ မြန်မာနိုင်ငံဘက် ကူးသွားတဲ့ APF သတင်းဌာန ပိုင်ရှင် မစ္စတာ ယာမဂျိနဲ့ အတူ ဂျပန် နိုင်ငံကူးလက်မှတ် စာအုပ်တအုပ်၊ ဘောပင်ပုံသဏ္ဍန် အသေးစား လျှို့ဝှက် ဗွီဒီယိုကင်မရာနဲ့ နိုင်ငံတကာသုံး ဂြိုလ်တုလက်ကိုင်ဖုန်း ၂ လုံးလည်း ပါသွားကြောင်း သိရပါတယ်။

သူ ကိုင်ဆောင်သွားတဲ့ ဂျပန်နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ဟာ Tomi Matsumoto ဆိုတဲ့ အမည်နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ မြန်မာ စစ်အစိုးရအရာရှိတဦးကတော့ မစ္စတာ ယာမဂျိ ကို ဖမ်းဆီးထားတာ ဟုတ်မှန်ကြောင်း နိုင်ငံတကာ သတင်းဌာနတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ မစ္စတာ ယာမဂျိ ကို လူဝင်မှု ကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုအရ အရေးယူလိမ့်မယ်လို့ အဲဒီ အရာရှိကပဲ ပြောဆိုပါတယ်။

အခု အဖမ်းခံလိုက်ရတဲ့ မစ္စတာ တိုးရု ယာမဂျိ ရဲ့ APF သတင်းဌာနဟာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်သတ်လိုက်လို့ သေဆုံးသွားတဲ့ ဂျပန် ဗွီဒီယိုသတင်းထောက် ခဲန်းဂျိ နာဂအိ အလုပ်လုပ်ခဲ့တဲ့ ဌာနလည်း ဖြစ်ပါတယ်။

မစ္စတာ ယာမဂျိရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဒီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာပိုင်တွေနဲ့ တွေ့ဆု ံစကားပြောဖို့ ရှိတယ်လို့လည်း သတင်း ရရှိပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။