မြန်မာနိုင်ငံမှာ မြုပ်နှံမှုအတွက် အမေရိကန် အမတ်တွေက သတိပေး

အမေရိကန် ပြည်ထောင်စုက ရီပတ်ပလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း (John McCain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုး လီဘာမန်း (Joe Lieberman) တို့က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူမှုတချို့ လျှော့ပေးတာကို ကြိုဆိုလိုက်ပေမယ့် အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူ လုပ်ငန်းလုပ်မယ့် ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

2012.07.13
senator_mccain_305_z.png အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း။ (Photo: AFP)
(Photo: AFP)

သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့် ရတော့မှာကို ကျွန်တော်တို့အနေနဲ့ ကျေနပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ နောက်ထပ် ခြေလှမ်းတလှမ်း ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ MOGE နဲ့ အမေရိကန် ပူးပေါင်းလုပ်ဆောင်မယ်လို့ ဆုံးဖြတ်တာကိုတော့ ကျွန်တော်တို့ စိုးရိမ်တယ်လို့ မစ္စတာ မက်ကိန်းက ဆိုပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ အစိုးရပိုင်ဖြစ်ပြီး သူတို့ဌာနဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ထောင်ချီတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုငွေတွေ ရနေသလို ဘယ်လောက်ရနေတယ်၊ အဲဒီငွေတွေကို ဘယ်လို သုံးစွဲနေတယ်ဆိုတဲ့ ပွင့်လင်းမြင်သာမှု မရှိသေးဘူးလို့ မက်ကိန်းနဲ့ လီဘာမန်းတို့က ထောက်ပြကြပါတယ်။

အမေရိကန် လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလို့ ရပြီ ဆိုတဲ့အကြောင်း အိုဘားမားအစိုးရက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ဒီဥပဒေသစ်အရ မြန်မာ အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းနဲ့ အမေရိကန် ကုမ္ပဏီတွေ ဖက်စပ် လုပ်ကိုင်ခွင့် ရမှာဖြစ်ပြီး ဒီလိုလုပ်ကိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံခြားရေးဌာနကို ရက်ပေါင်း ၆၀ အတွင်း အကြောင်းကြား ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။