အမြုတေ စာနယ်ဇင်းကောင်စီကို ဆိုင်းငံ့ထားမယ်လို့ ဝန်ကြီးဦးကျော်ဆန်း ပြောဆို

သြဂုတ် ၉ ရက် နေ့စွဲနဲ့ အစိုးရက ဖွ့ဲစည်းကြောင်း ကြေညာခဲ့တဲ့ အမြုတေ စာနယ်ဇင်းကောင်စီရဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့် ဆိုင်းငံ့ထားမယ်လို့ ပြန်ကြားရေး ဝန်ကြီးက ပြောကြားကြောင်း သိရပါတယ်။

2012.08.13
u-kyaw-san-b305 ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း ကိုတွေ့ရစဉ်
Photo: Ministry of Information

ပြည်ထောင်စု ဝန်ကြီးနဲ့ ပြန်ကြားရေး ဝန်ကြီးဖြစ်တဲ့ ဦးကျော်ဆန်းနဲ့ MJA ကိုယ်စားလှယ်တွေ တနင်္ဂနွေနေ့ မနေ့က ရန်ကုန်မြို့ သိမ်ဖြူလမ်း ဗဟိုပုံနှိပ်တိုက်ခန်းမမှာ တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ဝန်ကြီးက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အစိုးရရဲ့ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်မှာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း MJA က လက်မခံနိုင်တဲ့ အချက်တွေ ပါဝင်နေတဲ့အတွက် ပြင်ဆင် ပြောင်းလဲပေးရန်နဲ့ အဲဒီ တောင်းဆိုချက်တွေကို ပြင်ဆင်မပေးဘူး ဆိုရင် အမြုတေ စာနယ်ဇင်းကောင်စီမှာ မိမိတို့ ပါဝင်တော့မှာ မဟုတ်ကြောင်း သြဂုတ် ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ တရားဝင် ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးကျော်ဆန်းက MJA ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

MJA ကိုယ်စားလှယ်တွေကလည်း ပြန်ကြားရေး ဝန်ကြီးဌာနက အမြုတေ စာနယ်ဇင်းကောင်စီနဲ့ စပ်လျဉ်းပြီး နောက်ထပ် ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်မယ်ဆိုရင် မိမိတို့ကို ကြိုတင် အသိပေးဖို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

မနေ့က တွေ့ဆုံပွဲကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း နာယက ဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဥက္ကဋ္ဌ ဦးစိုးသိမ်း (မောင်ဝံသ)၊ ဒု ဥက္ကဌ-၁ ဦးကိုကို၊ ဒု ဥက္ကဌ-၂ ဦးသီဟစော၊ နိုင်ငံခြား ဆက်ဆံရေးမှူး ဦးအောင်လှထွန်း စုစုပေါင်း ၅ ဦး တက်ရောက်ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ MJA ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး MJA ဥက္ကဋ္ဌ ဦးစိုးသိမ်း (မောင်ဝံသ) နဲ့ RFA ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။