ဖားကန့်မှာ ဆန္ဒပြပွဲကပြန်လာတဲ့ ဒေသခံ ၈ ဦး ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်းကြွယ်ရွာက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပြည်သူ ၈ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
မနေ့ညနေက ဖားကန့်မြို့နယ် ဆိပ်မူရွာကနေ ဆန္ဒပြပြီး အိမ်အပြန် ကျောက်သွေးတောင်ရွာနားမှာ စစ်ကောင်စီတပ်သားတွေက သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
ဖမ်းခံရတဲ့သူတွေကို တပ်မ - ၃၃ တပ်ရှိတဲ့ ဖားကန့်ဗျူဟာကုန်းမှာ စစ်ဆေးနေတယ်လို့ ဒေသခံရွာသားက ပြောပါတယ်။
“ညနေ ၄ နာရီကျော်လောက်မှာ သပိတ်ပြီးလို့ ဆန်းကြွယ်ဘက်ကို ကားနဲ့ ပြန်လာတာပေါ့။ ပြန်လာချိန် ဆိပ်မူကျေးရွာ အထွက် ကျောက်သွေးတောင်မှာ စကစတွေက သေနတ်ထောက်ပြီး ဖမ်းသွားတာ။ ဒီနေ့ထိတော့ ပြန်မလွှတ်သေးဘူး”
ဖမ်းဆီးခံရသူတွေဟာ ဆန်းကြွယ်ရွာက ဒေါ်တိုး၊ ဒေါ်ခိုင်၊ ဒေါ်မာလင်း၊ မခင်လဲ့၊ ဒေါ်ငွေ၊ မပေါပေါ၊ ဒေါ်မြင့်သန်း တို့နဲ့ ဆိပ်မူက ကားနဲ့လိုက်ပို့တဲ့ ကိုသိန်းထွန်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှာပါဝင်လို့ ဖမ်းဆီးခံထားရတဲ့သူ စုစုပေါင်း အယောက် ၅၀ ကျော်ပြီလို့ ဖားကန့်သပိတ်ကော်မတီရဲ့ အချက်အလက်တွေ အရသိရပါတယ်။
ဖားကန့်မြို့နယ်ဟာ စစ်တပ်အာဏာသိမ်းကတည်းက ဆန္ဒပြသပိတ်တွေ နေ့တိုင်းလုပ်တဲ့ မြို့လည်းဖြစ်ပါတယ်။ သပိတ်မှာပါတဲ့သူတွေကို စစ်ကောင်စီဘက်က လိုက်လံရှာဖွေတာတွေ ရှိနေတယ်လို့လည်း သပိတ်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။









