စစ်ကောင်စီတပ်သား ၂၆ ဦး ထိုင်းနိုင်ငံဘက် ထပ်မံထွက်ပြေး

RFA Burmese
2024.03.21
စစ်ကောင်စီတပ်သား ၂၆ ဦး ထိုင်းနိုင်ငံဘက် ထပ်မံထွက်ပြေး ထိုင်းနိုင်ငံဘက်သို့ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြသော စစ်ကောင်စီတပ်သားတချို့အား တွေ့ရစဉ်။
Facebook/fanarmy01

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ရေတလျောက် တပ်စခန်းက စစ်ကောင်စီတပ်သား ၂၆ ဦး မတ်လ ၂၁ ရက် ဒီနေ့မနက်က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားတွေက ပြောပါတယ်။

ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကို ထိုင်းနိုင်ငံ အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

“မဲဆောက်မြို့တောင်ဘက်မှာရှိတဲ့ အုန်းဖန်မြို့နယ်ထဲရှိ ပိုင်ခလန်ဆိုတဲ့ကျေးရွာရှိတယ်။ အဲဒီကို ဒီနေ့မနက်မှာ ၂၆ ယောက် ဒုတိယအသုတ်အနေနဲ့ ထွက်ပြေးလာတာပေါ့။ ထုံးစံအတိုင်းပေါ့ ထိုင်းဘုရင့်တပ်မတော်ကနေ လက်နက်တွေဖြုတ်သိမ်းပြီးတော့ ထိန်းသိမ်းထားတယ်”

ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းစဉ် (KIC) သတင်းဌာနကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်သား ၂၆ ဦး လက်နက်နဲ့အတူ ထိုင်းနိုင်ငံ ပိုင်ခလန်ကျေးရွာထဲကို ဒီနေ့မနက် ထွက်ပြေးသွားတယ်လို့ သတင်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ် မယ်သရောထ စစ်စခန်းက စစ်ကောင်စီ တပ်သား ၄၈ ဦး ထိုင်းနိုင်ငံ ပိုင်ခလန်ကျေးရွာထဲ ထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။

မတ်လ ၇ ရက်နေ့ကစပြီး KNU တပ်မဟာ-၆ နယ်မြေက သင်္ဃန်းညီနောင်ဗျူဟာကုန်း၊ ဖလူးစခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ခမရ-၃၅၅ နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။