ဆန္ဒပြတောင်းဆိုသူတွေ ကချင်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမည်

2018-05-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပိတ်မိနေတဲ့ပြည်သူတွေ အမြန်ဆုံးလွှတ်ပေးဖို့ ကချင်ပြည်နယ်အစိုးရရုံးကြီးဝင်းဘေးမှာ ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့က ဆန္ဒပြနေကြစဉ်
ပိတ်မိနေတဲ့ပြည်သူတွေ အမြန်ဆုံးလွှတ်ပေးဖို့ ကချင်ပြည်နယ်အစိုးရရုံးကြီးဝင်းဘေးမှာ ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့က ဆန္ဒပြနေကြစဉ်
Photo: Aung Thain Kha/RFA

ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အမြန်ဆုံးကယ်ထုတ်ခွင့်ရဖို့အတွက် ဆန္ဒပြတောင်းဆိုနေသူတွေဟာ ဒီကနေ့ညနေပိုင်းမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီက လူငယ်ခေါင်းဆောင် ၅ ဦးတို့နဲ့အတူ ဘာသာရေးခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံမှာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောပါတယ်။

"အစိုးရဘက်ကလည်း တင်းနေတယ်၊ ကျမတို့လူငယ်တွေကလည်း တွေ့ဖို့ပြောထားတာ နှစ်ဖက်စလုံးက တင်းနေတဲ့အနေအထားမှာရှိနေပါတယ်၊ အစိုးရဘက်က လူငယ်တွေကိုဖိတ်ခေါ်ထားတာ ဝန်ကြီးချုပ်ကို သွားတွေ့မှာဖြစ်ပါတယ်။ ဂိုဏ်းကဏ္ဍပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့အတူ သွားတွေ့မှာဖြစ် ပါတယ်ရှင့်"

ဒီနေ့မနက်ပိုင်းက မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရရုံးကြီးဝင်းဘေးမှာ ဆန္ဒပြပွဲပြုလုပ်ခဲ့ပြီး လူဦးရေ ၃ဝဝ နီးပါးပါဝင်ခဲ့ပါတယ်။ ဒီနေ့ညဘက်ပိုင်းမှာ သပိတ်စခန်းဖွင့်လှစ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

သပိတ်စခန်းဖွင့်လှစ်ခွင့်ပြုဖို့အတွက် ဦးဆောင်သူတွေက မနေ့ညက မြို့နယ်ရဲစခန်းကို သွားရောက်မေးမြန်း ခဲ့ပေမဲ့ မြစ်ကြီးနားမြို့နယ်မှူးက ပြည်နယ်အစိုးရရုံးကြီးဝင်းဘေးမှာ မလုပ်ဘဲ မနောကွင်းမှာသာလုပ်ဖို့ စာနဲ့ပြောကြားထားတာရှိတယ်လို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အများပြည်သူတွေ သိစေချင်တဲ့အတွက် ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီဘက်က မနောကွင်းမှာ သပိတ်စခန်းမဖွင့်လိုဘူးလို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ မြစ်ကြီးနားမြို့နယ်ရဲစခန်းမှာ ရဲတပ်ဖွဲ့တွေက ကျည်ကာအင်္ကျီတွေ၊ ဒိုင်းတွေ စတဲ့ လုံခြုံရေး ဝတ်စုံပြည့်ဝတ်ဆင်ပြီး နေရာယူထားတာတွေရှိသလို သပိတ်စခန်းဖွင့်မယ့် ပြည်နယ်အစိုးရရုံးကြီးဝင်းနဲ့ သုံးဖာလုံအကွာမှာ ရဲကားတွေ နေရာယူထားတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မန်ဝန်းကျေးရွာနဲ့ တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာတွေမှာဒေသခံ နှစ်ထောင် နီးပါးပိတ်မိနေပြီး ဒေသခံတွေကို ကယ်ထုတ်ရေးအတွက် ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီက ကချင်ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့