ဟူးကောင်းဒေသမှာ မြေသိမ်း ခံ တောင်သူတွေ ပါဝင် တဲ့ ဆွေးနွေးပွဲ ပြုလုပ်


2017.03.02
kachin-farmers-620.jpg တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဟူးကောင်းဒေသက မြေသိမ်းခံ တောင်သူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာမှာ မတ်လ ၂ ရက်နေ့က ပြုလုပ်စဉ်
.

ဒီကနေ့  မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဟူးကောင်းဒေသ က မြေသိမ်းခံ တောင်သူတွေ ပါဝင်တဲ့ ဆွေးနွေးပွဲကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာမှာ ပြုလုပ် ခဲ့ပြီး တောင်သူအယောက် ငါးရာကျော် တက်ရောက်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဟူးကောင်းဒေသမှာ ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့ ဥယျာဉ်ခြံမြေတွေကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေရတာတွေအပါအဝင် တောင်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဝါရာဇွပ်ရွာက တောင်သူ ဦးလရှီးအောင်လတ် က ပြောပါတယ်။

"ဒေသခံ တောင်သူတွေရဲ့ နစ်နာဆုံးရှုံးမှုကို ပြန်လည်ရရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်းရှိတယ် ။ တောင်သူလယ်သမားနေ့ဆိုတာ ဝမ်းသာစရာ အကြောင်းပြောဖို့ ရှိသလို ကျနော်တို့ရဲ့ ခံစားချက်လည်း တင်ပြဖို့ ဖြစ်ပါတယ်။ ခံစားချက်ကို တင်ပြတဲ့ နေရာမှာ ယုဇနကြောင့် နစ်နာဆုံးရှုံးမှုနဲ့ ပတ်သက်တဲ့ တင်ပြချက်တွေလည်းပါတယ်"

ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က ဟူးကောင်းဒေသမှာ ကြံ၊ ပီလောပီနံ စတဲ့ သီးနှံတွေစိုက်ပျိုးဖို့ဆိုပြီး ဧက သိန်းနဲ့ချီရှိတဲ့ စိုက်ခင်းမြေတွေကို ယုဇနကုမ္ပဏီကသိမ်း ယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ဝါရာဇွပ်၊ ဗန်ကောက်၊ နောင်းမြီ၊ ရှဒူးဇွပ် စတဲ့ကျေးရွာတွေက ဒေသခံရွာသားတွေဟာ သူ့တို့ရဲ့ဆုံးရှုံးခဲ့တဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရလိုမှုအပါအဝင် စိုက်ပျိုးမြေတွေ ပြန်လည် ရရှိဖို့ အတွက် ဒေသခံတောင်သူတွေနဲ့ ယုဇနကုမ္ပဏီတို့ အကြား အပြန်အလှန်တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တရုတ်နဲ့ အိန္ဒိယနိုင်ငံကို ဆက်သွယ်ထားတဲ့ ကမ္ဘာ့သမိုင်းဝင် လီဒို လမ်းမကြီးဖြတ်သန်းတည်ရှိရာ ဟူးကောင်းဒေ သမှာ မိုးကောင်း၊ ဖားကန့်၊ တနိုင်း စတဲ့မြို့နယ် သုံးခုက ကျေးရွာတွေ ဆက်စပ်ပါဝင်နေတာဖြစ်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ တောင်သူလယ်သမားနေ့ အခမ်းအနားကို မန်ပန်၊ ဒွန်ဘန်၊ နောင်းမြီ၊ မန်ဖြတ်၊ ခွန်ဆန်ယန် စတဲ့ရွာပေါင်း နှစ်ဆယ်ကျော်က ဒေသခံနဲ့ တောင်သူတွေတက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။