တနိုင်း-လီဒိုလမ်းပေါ်က တောင်သူ တစ်ထောင်ခန့် စိုက်စရိတ်ချေးငွေမရရှိ


2018.07.13
kachin-farmer-622.jpg လယ်ထဲမှာ တောင်သူတစ်ဦးကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းပေါ်က ဖားကန့်မြို့နယ်မှာပါတဲ့ ကျေးရွာအုပ်စု ၅ ခုက ပုံစံ ၇ မရှိတဲ့ တောင်သူ ခန့်မှန်း အယောက် ၁ ထောင်လောက်ဟာ ဒီနှစ်မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ မရရှိတာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီတနိုင်း-လီဒိုလမ်းပေါ်က ရွာတွေကို ကွင်းဆင်းနေတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက တောင်သူတွေ စိုက်ပျိုးစားရိတ်မရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

"၁ ထောင်ဝန်းကျင်လောက်ရှိမယ်။ ခါတိုင်းကရတယ်၊ အခုကျတော့ မရတော့ဘူးဆိုတော့ ဒီတောင်သူ လယ်သမားတွေ ရရှိဖို့အတွက်ကို ကျနော်က လွှတ်တော်မှာ မေးခွန်းမေးထားတယ်။ သူတို့ရဲ့ဒုက္ခတွေကို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဘယ်လို့ဆောင်ရွက်ထားပေးပါတယ်။ နိုင်ငံတော်အနေနဲ့ ကတော့ ဘယ်လိုမူဝါဒတွေ ရှိတယ်ဆိုတာကို ရှင်းပြပေးဖို့ ကွင်းဆင်းတာပါ။ ပုံစံ ၇ ကို တကယ်တမ်း ပိုင်ဆိုင်မှုရှိတာက ဒီမှာရှိတဲ့ တောင်သူလယ်သမားတွေရဲ့ ရာခိုင်နှုန်း ၃၀ လောက်တောင်မှ သိပ်မရှိချင် ဘူးပေါ့ဗျာ။ အဲဒါကြောင့်မို့ အဓိက ဆင်းနေရခြင်းဖြစ်တာပေါ့။"

ဒီနှစ်မှာ ချေးငွေထုတ်မယ်ဆိုရင် လယ်ယာမြေပုံစံ ၇ ပြနိုင်သူမှသာ ထုတ်ပေးဖို့ ညွန်ကြားချက် ထုတ်ပြန်ထား တာကြောင့် ချေးငွေမရတာဟာ အဲဒီလို ပုံစံ ၇ မရှိတဲ့ တောင်သူတွေဖြစ်တယ်လို့ မြစ်ကြီးနားအခြေစိုက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကချင်ပြည်နယ်ဘဏ်ခွဲရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတ်မှတ်ချက်နဲ့ ကိုက်ညီသူအားလုံးကိုတော့ တောင်သူ တစ်ဦးကို ၁ ဧကအတွက် ငွေကျပ် ၁ သိန်း ၅ သောင်းနှုန်းနဲ့ အများဆုံး ၁၀ ဧကကို ၁၅ သိန်းအထိ ထုတ်ပေးနေတယ်လို့ သိရပါတယ်။

အခု တနိုင်း-လီဒို လမ်းပေါ်က ချေးငွေထုတ်လို့မရတဲ့ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေလို့ဆိုတဲ့နေရာဟာ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော ဧရိယာထဲကမြေတွေ ဖြစ်ပါတယ်။

အဲဒီလယ်မြေတွေကို ပုံစံ ၇ ရရှိဖို့ဆိုရင် သစ်တော၊ မြေစာရင်း စတဲ့ဌာနဆိုင်ရာတွေနဲ့ လွှတ်တော် ကိုယ်စားလှယ် အပါအဝင် ဒေသခံတောင်သူတွေဟာ ကွင်းဆင်းပြီး အဖြေရှာကြရမယ့် အခြေအနေလို့ သိရပါတယ်။ ဧက အတိအကျ မသိရသေးပေမယ့် အဲဒီလယ်မြေတွေဟာ အရင်နှစ်တွေကတော့ ချေးငွေထုတ်လို့ရတယ်လို့ ဦးတင့်စိုးက ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ မေးခွန်းတင်ထားပြီး လာမယ့် လွှတ်တော်အစည်းအဝေးမှာ အခြေအနေတွေ သိရမယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးဟာ တနိုင်း-လီဒိုလမ်းပေါ်မှာရှိတဲ့ ရွာတွေဘက်မှာ ကွင်းဆင်းနေတာဖြစ်သလို ယုဇန ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး အဲဒီဒေသမှာဖြစ်ပွားနေ တဲ့ မြေယာကိစ္စတွေကို လေ့လာမေးမြန်းနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။