ကချင်လယ်မြေ ယုဇနကုမ္ပဏီသိမ်းယူမှု အကြောင်းပြန်ကြားချက် မရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က တောင်သူလယ်သမားတွေရဲ့မြေယာအသိမ်းခံရတဲ့ ကိစ္စကို မနှစ်ကတည်းက တရားစွဲဆိုထားတာ အခုချိန်ထိ တစုံတရာ ဘာမှ အကြောင်းပြန်ကြားချက် မရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

2012.04.07

NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် ဒေါ်ဘောက်ဂျာက ဦးဆောင်ပြီး တရားစွဲဆိုတဲ့ ကိစ္စခုထိ ဘာမှ အကြောင်းမထူးသေးဘူးလို့ ဖားကန့်မြို့နယ် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးတာရှီလာဆိုင်းက ပြောပါတယ်။

"နေပြည်တော်ကို တင်ထားတဲ့ လယ်ယာမြေ ကိစ္စလေ။ ၂၀၁၀ လောက်ကနေ စပြီး သူတို့ လုပ်နေတာ။ ပထမက သူတို့ တစ်ဧကကို ၈ သောင်းနှုန်း ပြောတယ်။ ဒါပေမဲ့ သူတို့ က သိမ်းထားတာ ၄ နှစ်ကြာသွားတာမို့ ဒီ ၄နှစ်တာ ကာလအတွက် နစ်နာကြေး လိုချင်တယ်ပေါ့။ နေပြည်တော်ကို ဦးတိုက်လျှောက်တဲ့အခါ ပြန်ပြီး ရှင်းတာ ဖြေကြားတာ မရှိဘူး။ ၄၅ ရက် ၆၀ ရက်မှာ အကြောင်းပြန်မယ်ပြောပြီး အခုအချိန်အထိ အကြောင်းမပြန်ဘူး။"

စိုက်ပျိုးရေးစီမံချက်တွေ အရ ဟူးကောင်းတောင်ကြားဒေသက မြေယာတွေကို ၂၀၀၇ ခုနှစ်ကစပြီး ယုဇနကုမ္ပဏီက သိမ်းခဲ့ရာမှာ မိုးညှင်းနဲ့ ဖားကန့်က ဒေသခံ ၆၀၀ ကျော်ရဲ့ မြေဧက ၁၃၀၀ ကျော်လည်း ပါရှိပါတယ်။

ဒီအထဲက ဒေသခံ ၂၁၀ ကျော်ဟာ အုပ်စုသုံးစုခွဲပြီး ယုဇနကုမ္ပဏီကို ၂၀၁၁ ဇူလိုင်လမှာ စတင် တရားစွဲခဲ့တာပါ။

ဒေါ်ဘောက်ဂျာဟာ ဖားကန့်မြို့နယ် NDF ပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်ဘောက်ဂျာရော NLD ကနေ ဦးတာရှီလာဆိုင်းပါ ဖားကန့် မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ နယ်မြေလုံခြုံရေး အကြောင်းပြချက်ကြောင့် ရွေးကောက်ပွဲ မဝင်ခဲ့ရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-06-21 04:41

Yuzana Company had been given 50 million kyats to K.I.O/K.I.A Head Quater for stop destroy by K.I.A.I do not get why they did it.