ကချင်ပြည်နယ် မြို့နယ် တချို့မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ကေအိုင်အိုတို့ တိုက်ပွဲတွေ ကြောင့် နီးစပ်ရာ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေတဲ့ လူဦးရေ ၄ ထောင်ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မနေ့ကအထိ ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်ကို ဆက်လက်ထောက်ပံ့သွားမှာဖြစ်တယ်လို့ ပြည်နယ်ကြက်ခြေနီ အဖွဲ့ခေါင်းဆောင် ဦးဂဲနက်စ် က ပြောပါတယ်။
"၈ရက် ၅ လ ၂၀၁၈ ထပ်တိုးပြောင်းရွှေ့လာတဲ့ စာရင်းက ၄၂၃ ဦးဆိုပြီးမှ ကျနော်တို့ စာရင်းရထားပါတယ်။ လိုအပ်ချက်အပေါ်မှာ မူတည်ပြီး ကျနော်တို့က ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။ အခု အားလုံးဆိုရင်တော့ ၄ ထောင်ကျော်ဖြစ်ပါမယ်"
ထပ်တိုးရောက်လာသူ ၄၀၀ ကျော်ဟာ ဖားကန့်မြို့နယ် ဒွန်ဘမ် နဲ့ လဝါးရွာ၊ မြစ်ကြီးနားမြို့နယ် နောင်နန်း - ၁၀ မိုင်ရွာတွေက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
ဖားကန့်မြို့နယ် မန်ဝယ် (လိုင်နောင်ခူး) ရွာဘက်က ရွာသားအယောက် ၁၀၀ ကျော်ကိုလည်း အစိုးရ နဲ့ တပ်မတော် ပူးပေါင်းပြီး ဘေးကင်းရာကို ခေါ်ဆောင်လာကာ လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေကို ဆက်လက်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှု နဲ့ တနိုင်း-အောင်လွတ်ဒ်၊ ချောင်းဝ-မန်ဝယ်၊ အင်ဂျန်းယန် - တီယံဇွပ်၊ ရှန်ငေါ်- ချီဖွေ စတဲ့ လမ်းကြောင်း ၄ ခု ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို ကူညီကယ်ထုတ်နေ ပါတယ်။
တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ လွတ်မြောက်ရေးအတွက် ကချင်အရပ်ဖက်အဖွဲ့တွေနဲ့ လူငယ်အဖွဲ့တွေ စုပေါင်းပြီး မေလ ၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့သလို မနောကွင်းမှာ စုဝေးတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။