ဦးဒါရှီလဆိုင်း ကို မြစ်ကြီးနားထောင်မှာ ထိန်းသိမ်းထား

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို ဒီနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ရုံးထုတ် ခဲ့ပါတယ်။

ဝန်ကြီးဦးဒါရှီလဆိုင်းက ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလိုလုပ်ပြီး အမှုစွဲဆိုထားတာလို့ တရားခံအမှုလိုက် တရား လွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်း ကပြောပါတယ်။

မတ်လ ၅ ရက်နေ့မှာ ရုံးချိန်း ပြန်လည်ချိန်းဆိုထားပါတယ်။

လက်ရှိမှာ ဝန်ကြီးကို မြစ်ကြီးနား အကျဉ်းထောင်မှာ ထိန်းချုပ်ထားပြီး ဒီနေ့ရုံးချိန်းမှာတော့ လက်ထိပ် ခတ်တာ မတွေ့ရပါဘူး။

ဝန်ကြီးဦးဒါရှီလဆိုင်းက ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေ အစိုးရဖွဲ့စည်းနိုင်ချိန်အထိ ပြည်နယ်အစိုးရအဖွဲ့လက်အောက်က ဌာန၊ အဖွဲ့အစည်းအားလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တယ် ဆိုပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ထုတ်ပြန်ချက်ထုတ်တဲ့ရက်မှာပဲ ဝန်ကြီးဦးဒါရှီလဆိုင်းကို သူရဲ့နေအိမ်ထဲမှာရဲတွေက လာရောက်ဖမ်းဆီး ခဲ့တာပါ။