မိုးညှင်းမှာ စိုက်ပျိုးရေးတက္ကသိုလ် ဖွင့်ဖို့အဆို ကချင်လွှတ်တော် အတည်ပြု


2017.05.31
kachin-parliament-620.jpg ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးကို မေလ ၃၁ ရက်နေ့က ပြုလုပ်ကျင်းပနေစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ အထက်မြန်မာနိုင်ငံအတွက် စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်တစ်ခု တည်ထောင်ဖို့ အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

စိုက်ပျိုးရေးကို အဓိကအားထားနေရတဲ့ မြန်မာနိုင်ငံအတွက် တောင်သူတွေရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ကျောင်းသားလူငယ်တွေက နည်းပညာပံ့ပိုးကူညီပေးနိုင်မယ့် တက္ကသိုလ်တစ်ခု တည်ထောင်ဖို့ တိုက်တွန်းတာဟာ အစိုးရရဲ့ ရွေးကောက်ပွဲကတိကိုလည်း ဖော်ဆောင်ရာရောက်တယ်လို့ တနိုင်းမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ထောက်ခံဆွေးနွေးပါတယ်။

အဆိုရှင် ဦးကျော်ကျော်ဝင်းက ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့ အဲဒီတက္ကသိုလ် တည်ဆောက် မယ့်နေရာဟာ ကချင်ပြည်နယ်မှာ ကောက်ပဲသီးနှံ အများဆုံးစိုက်ပျိုးထွက်ရှိတဲ့ မိုးညှင်းမြို့နယ် အင်းလေး-မြို့သာ-လယ်မှီး ရွာတွေအနီးက ဧက ၇၀၀ ကျော်ရှိတဲ့ မြေနေရာဖြစ်ပါတယ်။

အဲဒီအဆိုနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဋ္ဌာနရုံးချုပ်ကတဆင့် ပြည်ထောင်စု စိုက်ပျိုးရေး မွေးမြူရေးနဲ့ဆည်မြောင်း ဝန်ကြီးဋ္ဌာနကို ဆက်လက်တင်ပြသွားမှာဖြစ်တာကြောင့် အဆိုကို မှတ်တမ်းတင်ဖို့ ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ဆွေးနွေးပါတယ်။

အဆိုရှင် ဦးကျော်ကျော်ဝင်းက လက်မခံတဲ့အတွက် မတ်တပ်ရပ်ပြီး မဲခွဲဆုံးဖြတ်ရာမှာ ဒီကနေ့ တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦးမှ ၃၃ ဦး က ထောက်ခံတာကြောင့် အဆိုကို အတည်ပြုလိုက်ပါတယ်။

အဲဒီစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ကပါ လက်ခံခွင့်ပြုခဲ့မယ်ဆိုရင် စိုက်ပျိုးမြေတွေပေါများတဲ့ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ မြောက်ပိုင်းဒေသက တောင်သူတွေနဲ့ လူငယ်ကျောင်းသားတွေ အတွက် အရေးပါတဲ့ တက္ကသိုလ်တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။