စစ်ဘေးရှောင်အိမ်ထောင်စု ၉၅ စုကို ကြက်ခြေနီ ထောက်ပံ့

2018-06-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဝိုင်းမော်မြို့နယ် မိုင်းနားရွာ မှန်ပြတောင်ခြေက တန်ဖိုးနည်းအိမ်ယာကို ပြောင်းရွှေလာကြတဲ့ စစ်ဘေးရှောင်တွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ ထောက်ပံရေ့းပစ္စည်းတွေကို ပေးအပ်စဉ်
ဝိုင်းမော်မြို့နယ် မိုင်းနားရွာ မှန်ပြတောင်ခြေက တန်ဖိုးနည်းအိမ်ယာကို ပြောင်းရွှေလာကြတဲ့ စစ်ဘေးရှောင်တွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှာ ထောက်ပံရေ့းပစ္စည်းတွေကို ပေးအပ်စဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားရွာ မှန်ပြတောင်ခြေက တန်ဖိုးနည်းအိမ်ယာကို ပြောင်းရွှေ့လာတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၉၅ ခု အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ငွေကျပ် သိန်း ၉၀ ကျော် တန်ဖိုးရှိတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။

လတ်တလောကာလအတွင်း စစ်ဘေး နဲ့ ဆက်နွယ်ပြီး တစ်ပြည်နယ်လုံးက ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံ နေကြသူတွေကို ငွေကျပ် သိန်းပေါင်း ၁၂၀၀ ဖိုး ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ ကချင်ပြည်နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးဂဲနက်စ် က ပြောပါတယ်။

"တစ်ကိုယ်ရေ ကျန်းမာရေးသုံးပစ္စည်းတွေ၊ အမျိုးသမီးသုံးပစ္စည်းတွေ၊ နောက်တခါ ရေပုံး ပါပါတယ်။ ဆောက်လုပ်ရေးသုံး ပစ္စည်းကိရိယာတွေ ပါပါတယ်။ တစ်အိမ်ထောင်ကို ၉ သောင်းတန်ဖိုးရှိပါတယ်။ အားလုံး ၉၅ အိမ် ဆိုတော့ သိန်း ၉၀ ကျော်ရှိပါတယ်။ ဒီနေ့စပြီးတော့မှ ပြောင်းရွှေ့နေထိုင်တာဖြစ်ပါတယ်။ အခုလတ်တလော ကိစ္စမှာတော့ ပစ္စည်းထောက်ပံ့တာကတော့ သိန်းပေါင်း ၁၂၀၀ လောက် ရှိပါတယ်"

နောက်ပိုင်းမှာလည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းတွေကို ကျွမ်းကျင်တတ်မြောက်နိုင်အောင် ကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အလားတူ ပြည်နယ်အစိုးရအဖွဲ့ နဲ့ လုပ်ငန်းရှင်တွေကလည်း အိမ်မိုးသွပ်၊ ဆန်၊ ဆီ၊ ဆား၊ ပဲ ရေသန့် စတဲ့ စားနပ်ရိက္ခာတွေနဲ့ ကျောင်းသုံးစာအုပ် အဝတ်အထည် စတဲ့ ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။

ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီးဋ္ဌာနအောက်က နယ်စပ်ဒေသ နဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဋ္ဌာနက ဆောက်လုပ်ခဲ့တဲ့ ကျပ်သန်း ၅၀၀ တန်ဖိုးရှိတဲ့ အဲဒီ တန်ဖိုးနည်းအိမ်ယာ မှာ စစ်ဘေးရှောင် မိသားစုတွေ အခုလို ပြောင်းရွှေ့နေထိုင်ကြတာ ဝိုင်းမော်မြို့နယ်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အခု ပြောင်းရွှေ့ခွင့်ရတဲ့ အိမ်ထောင်စု ၉၅ ခုဟာ သာဂရသရက်တောဘုန်းတော်ကြီးကျောင်း နဲ့ ခတ်ချိုကယ်ဆယ်ရေးစခန်း မိုင်းနား နှစ်ခြင်း နဲ့ ကက်သလစ် စတဲ့ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်အသင်းတော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြသူတွေ ဖြစ်ပါတယ်။

အစိုးရအုပ်ချုပ်ရေးနယ်မြေအတွင်း စစ်ဘေးကယ်ဆယ်ရေးစခန်း ၁၀၀ ဝန်းကျင်ရှိပြီး စစ်ဘေးရှောင် အယောက် လေးသောင်း ဝန်းကျင်ရှိပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့