ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
နယ်စပ်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ ရှိနေတာကြောင့် နယ်စပ်တစ်လျှောက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေဆီကို ရိက္ခာပို့ဆောင်ဖို့ ဖြတ်သန်းခွင့်မရတာ တစ်ပတ်လောက်ရှိပြီလို့လည်း ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က ဒေါက်တာ ဆမ်ဆွန် က RFA ကို ဒီနေ့ ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေက ဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲကြောင့် တရုတ်ပြည်ဘက်မှာ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ရှာဖွေစားသောက်နေရတဲ့ အခြေအနေ ရှိနေတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောပါတယ်။
ဒီနောက်ပိုင်းမှာ တရုတ်ပြည်ဘက်မှာ လုံခြုံရေးတင်းကျပ်ပြီး အဖမ်းအဆီးများနေတာကြောင့် ဒုက္ခသည်တွေ ဖမ်းဆီးခံရတာတွေရှိသလို တရုတ်ဘက်ကနေ ဖြတ်ပြီး ကေအိုင်အေထိန်းချုပ် နယ်မြေထဲက ဒုက္ခသည်စခန်းတွေဆီ ရိက္ခာပို့ဆောင်ရာမှာလည်း ခက်ခဲနေတယ်လို့ ပြောပါတယ်။
လက်ရှိ အစိုးရ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာဆိုရင် လူတစ်ယောက်အတွက် ထမင်းတစ်နပ်ကို ငွေကျပ် ၁၈၀ နှုန်းနဲ့သာ တွက်ချက်ရရှိတာဖြစ်တဲ့အတွက် စားသောက်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
လက်ရှိ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးဒုက္ခသည် ၈သောင်းနီးပါးရှိပြီး အစိုးရ ထိန်းချုပ်နယ်မြေ ထဲမှာဆိုရင် ၆သောင်းကျော်ရှိနေတယ်လို့ KBC ရဲ့စာရင်းတွေအရ သိရပါတယ်။
တရုတ်ဘက်က ပိတ်ထားတာ ကြာသွားရင် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပြတ်လပ်မှာ စိုးရိမ်နေရတယ်လို့ ဒေါက်တာ ဆမ်ဆွန်က RFA ကို ပြောပါတယ်။
"သူတို့ အခုကတော့ အဖမ်းအဆီးတွေ များတယ်။ ဘာကြောင့်ဆို အဲဒီနယ်စပ်တစ်လျှောက်မှာ သူတို့ စစ်ရေးလေ့ကျင့်နေတယ်။ အရင်က လမ်းတွေအားလုံးကို သူတို့ပိတ်ပစ်လိုက်ပြီဆိုတော့ ကျနော်တို့ကတော့ အရင်တုန်းကတော့ ၇ နှစ်ပတ်လုံး ပြဿနာ မရှိဘူးပေါ့နော်။ အခုလောလောဆယ် ဒီတစ်ပတ်အတွင်းမှာ အဲလိုလုပ်လိုက်တယ်ဆိုတော့ ကျနော်တို့ကလည်း အံ့သြတယ်။ ကျနော်တို့ စိုးရိမ်နေတာ။ အခုလောလောဆယ် စားနပ်ရိက္ခာတွေကို နည်းနည်းပါးပါး ဝေငှစားသောက်နေတာ။ ဒါပေမဲ့ ဒီထက်ကြာသွားရင် ပိုဆိုးသွားနိုင်တာပေါ့"
တရုတ်-မြန်မာနယ်စပ်မှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်နေတာ လနဲ့ချီနေပြီဖြစ်ပြီး ဘာကြောင့်ဆိုတာကိုတော့ အတိအကျမသိရဘူးလို့ KIA က ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
၂၀၁၁ ခုနှစ်ကစပြီး ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေ တို့အကြား ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် အစိုးရနဲ့ ကေအိုင်အေ ထိန်းချုပ်နယ်မြေအားလုံးမှာ အခုဆိုရင် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲနီးပါးရှိနေပြီလို့ KBC ရဲ့ စာရင်းတွေအရ သိရပါတယ်။
ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီပေးမှုတွေကို အစိုးရက ကန့်သတ်ထားတဲ့အပြင် အဲဒီစခန်းတွေကို ရိက္ခာ အကူအညီတွေပေးရာမှာလည်း လမ်းကြောင်းပိတ်ထားတဲ့အတွက် တရုတ်ပြည်ဘက်ကနေ လမ်းကြောင်းရှာပြီး ပို့ဆောင်နေရတာ ၇နှစ်ရှိပြီလို့ သိရပါတယ်။ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်တွေကို KBC နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေ အဓိက ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
စားနပ်ရိက္ခာ အခက်အခဲကြောင့် ဒုက္ခသည်တွေဟာ တရုတ်ပြည်ဘက်မှာ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြရပြီး မကြာခဏ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာ က အခုလိုပြောပါတယ်။
"စားနပ်ရိက္ခာလို့ပြောတဲ့အခါ ကေအိုင်အေ ထိန်းချုပ်နယ်မြေတင်မကဘဲ အစိုးရ ထိန်းချုပ်တဲ့နေရာမှာလည်း အဲပြဿနာဖြစ်နေတယ်။ အဲဒီပြဿနာက ပိုပိုပြီးဆိုးလာတယ်။ ကေအိုင်အေ ထိန်းချုပ်နေရာမှာက နယ်စပ်ဖြစ်တဲ့အတွက် ရာသီဥတုက ပိုပြီးအေးတာကြောင့် အစစအရာရာမှာ ဒုက္ခရောက်တာပါ။ Joint Strategy Team က ကြည့်တဲ့နေရာတွေ ရှိပါတယ်။ ဒါပေမဲ့ နေရာတကာမှာ အကုန်လုံးကာဗာ မဖြစ်တော့ဘူး။ လိုအပ်သမျှ ဖြည့်စွမ်းနိုင်ဖို့က သူတို့ဆီမှာ ရန်ပုံငွေမရှိလို့ မဖြည့်စွမ်းနိုင်ဘူး။ သို့သော်လည်း အသင်းတော်တွေ တစ်သီးပုဂ္ဂလတွေက တတ်နိုင်သလောက် ပံ့ပိုးနေတာတော့ ရှိတယ်။ ဒါပေမဲ့ သူ့နည်းသူ့ဟန်နဲ့ ရှာစားတဲ့အခါမှာ တော်တော်များများက တရုတ်နိုင်ငံထဲဝင်ပြီး တရားမဝင် အလုပ်သမားအဖြစ် အလုပ်တွေ လုပ်နေကြတယ်။ ဥပမာဆိုရင် အများသောအားဖြင့် ကြံခင်းတွေမှာ လုပ်ကြတယ်။ အခုလောလောဆယ် တရုတ်နိုင်ငံဘက်က အဖမ်းအဆီး တအားများတော့ ဒုက္ခတွေရောက်တယ်။ အဖမ်းခံရတာတွေလည်း ရှိနေတယ်"
အလားတူ အစိုးရ ထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်တွေကလည်း နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ ထက်ဝက် လျှော့ချခံလိုက်ရပြီးနောက်ပိုင်း အခုဆိုရင် လူတစ်ယောက်အတွက် တစ်လကို ငွေကျပ် တစ်သောင်းခန့်သာ ထောက်ပံ့စရိတ် ရရှိတယ်လို့ သိရပါတယ်။ အခုဆိုရင် ရာသီဥတု အေးလာပြီဖြစ်တဲ့အတွက် ဒုက္ခသည်စခန်းတွေမှာ အနွေးထည်တွေနဲ့ စောင်တွေ လိုအပ်နေသလို ဆေးဝါးအကူအညီတွေလည်း လိုအပ်နေပြီလို့ ပြောကြပါတယ်။
လက်ရှိ အစိုးရအနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေ မပေးနိုင်ဘူးလို့လည်း ကူညီနေသူတွေက ထောက်ပြကြပါတယ်။
စစ်ဘေးသင့်ပြည်သူများကို အရေးပေါ် ကယ်ဆယ်ကူညီရေးကော်မတီ က ကိုလွမ်းဇောင်း က အခုလိုပြောပါတယ်။
"ဒီပြည်သူတွေက ဒုက္ခရောက်နေတဲ့အချိန်မှာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ လွတ်လွတ်လပ်လပ် ရရှိပိုင်ခွင့်ရှိသင့်တယ်။ သူတို့ကို လာကူညီတဲ့လူတွေကို လွတ်လွတ်လပ်လပ် ခွင့်ပေးထားရမယ်။ အစိုးရက အားလုံးကို လုံလုံလောက်လောက် လိုလေသေးမရှိ ကူညီပေးနိုင်တာ မရှိသေးဘူးဆိုတာ ကျနော်တို့ တေ့ွနေရတယ်။ ကျနော်တို့ မြစ်ကြီးနားမြို့တဝိုက်က ဒုက္ခသည်တွေလည်း မျိုးစုံကြုံနေရတာပေါ့။ အစိုးရအနေနဲ့ ဒီလို ဒုက္ခရောက်နေတဲ့သူတွေကို ယာယီပဲမဟုတ်ဘဲ ကောင်းကောင်းမွန်မွန် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီရမယ်လို့ ကျနော်တို့က ယုံကြည်ထားတယ်။ လောလောဆယ်ဆယ်ကတော့ ကောင်းမွန်စွာ ကူညီပေးမှုတွေ လမ်းဖွင့်ပေးတာတွေ မရှိသေးဘူးလို့ဘဲ ကျနော်တို့ ကောက်ချက် ချရပါလိမ့်မယ်"
ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကိုလည်း တပ်မတော်က တားမြစ်တာတွေ မကြာခဏ ရှိနေတဲ့အပေါ်မှာလည်း ဝေဖန်ကြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဝိုင်းမော်မြို့နယ် ကချင် နှစ်ခြင်းအသင်းတော် တာဝန်ရှိသူတွေဟာ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ မြန်မာ-တရုတ်နယ်စပ် မှတ်တိုင် ၆ နဲ့ ၈ နေရာတွေက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ စီစဉ်တာကို ပြည်နယ် နယ်လုံဝန်ကြီးက သတိပေးစာ ပေးပို့ခံရတာတွေ ရှိပါတယ်။
ဒါကြောင့် စစ်ဘေး ဒုက္ခသည်တွေဆီကို စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ အလွယ်တကူ ရောက်ရှိနိုင်ဖို့အတွက် အစိုးရဘက်က လမ်းကြောင်းတွေ ဖွင့်ပေးသင့်တယ်လို့လည်း ပြောကြပါတယ်။
ဒုက္ခသည်တွေ စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေကို လက်ရှိ ကချင်ပြည်နယ် အစိုးရအဖဲ့ွ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင် ဆီ RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာ အလုံအလောက် ထောက်ပံ့နိုင်ရေးအတွက် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဦးဆောင်ပြီး ဒုက္ခသည်အရေး ကူညီနေတဲ့ ကချင် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။