ဖားကန့် ရှမ်းကုန်းဈေးမီးလောင် နေအိမ် ၁၁ လုံး ပျက်စီး
2017.08.16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် (၂) က ရှမ်းကုန်းပျံကျဈေးမှာ သြဂုတ်လ ၁၆ ရက်နေ့က မီးလောင်ကျွမ်းနေစဉ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် (၂) က ရှမ်းကုန်းပျံကျဈေးမှာ ဒီကနေ့ မနက်ပိုင်းက မီးလောင် မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးထဲပါသွားပြီး တန်ဖိုးငွေကျပ်သိန်း ၂၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ငါးဒိုင်မှာ မီးစက်မောင်းထားရာကနေ ဝါယာကြိုးပူပြီး မီးလောင်တာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ရဲစခန်းက ရဲမှူး ဦးကျော်ဦး က ပြောပါတယ်။
"မီးသတ်ဦးစီးရဲ့ စစ်ဆေးတွေ့ရှိချက်အရပေါ့ဗျာ၊ ငါးရောင်းတဲ့ ကိုရန်နိုင်ထွန်း ခေါ် ကိုစိုးမြတ်ကျော် ပေါ့ဗျာ၊ သူတို့ မီးစက်မောင်းရင်းက ဝါယာပူပြီးတော့ ရှော့ဖြစ်ပြီးလောင်တယ်လို့ သိရတယ်၊ ခန့်မှန်း ဆုံးရှံးမှုတန်ဖိုးပေါ့ ၂၈၁ သိန်း ၈ သောင်း ၈ ထောင်ပါ"
အဲဒီမီးလောင်ကျွမ်းမှုကြောင့် မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ် ၁၁ လုံးက မီးဘေးသင့်သူတွေကို ဆိပ်မူရပ်ကွက် (၁) က ပညာသုခဘုန်းကြီးကျောင်းမှာ နေရာချထားပေးပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို ပုဒ်မ ၂၈၅ မီးပေါ့ဆမှုနဲ့ ဖားကန့်မြို့နယ်ရဲစခန်းမှာ အမှုဖွင့် အရေး ယူထားတယ်လို့လည်း ပြည်နယ်မီးသတ်ဦးစီးမှူး က ပြောပါတယ်။
ဒီနေ့ မနက် ၅ နာရီ ၂၀ မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ၇ နာရီခွဲမှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။









