ကချင်မှာ မြို့ဝင်ကြေးဂိတ်တွေပိတ်ဖို့ ညွှန်ကြား


2018.04.19
kachin-vehicle-tax-gate-622.jpg မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေကို ဖြတ်သန်းပြီး တရုတ်ပြည်နဲ့ အပြန်အလှန် ကုန်စည်ကူးသန်း သွားလာရာမှာ အဓိကကျတဲ့ ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှာ လေလံလိုင်စင်အောင်ပြီး ငွေကောက်နေတဲ့ မြို့ဝင်ဘီးခွန်ဂိတ် ၁၉ ခုကို ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့စပြီး ဘီးခွန် မကောက်ခံဖို့ ညွှန်ကြားလိုက်ပါတယ်။

ဘီးခွန်ကောက်တဲ့ ဂိတ်တွေမရှိတော့ရင် ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ကာ ကုန်ဈေးနှုန်းတွေကျဆင်းပြီး ပြည်သူတွေ အတွက် အကျိုးရှိတာကြောင့် ရပ်ဆိုင်းရတာဖြစ်တယ်လို့ ကချင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးနေဝင်းက RFA ကို ပြောပါတယ်။

"ကျနော်တို့ ဒီစည်ပင်အဖွဲ့အတွက် ဝင်ငွေပိုရရှိပေမယ့် ပြည်သူတွေ အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့ အချက် တချက်ရယ် နောက်ပြီးတော့မှ ဒီလို ဘီးခွန်မကောက်ခြင်းအားဖြင့် သွားရေးလာရေး ပိုမိုအဆင်ပြေလို့ရှိရင် ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်မယ်။ ကုန်ဈေးနှုန်းတွေကျမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ပြည်သူတွေ အတွက်တော့ ပိုမိုအကျိုးရှိတယ်၊ လုပ်ရပ်မှန်ကန်တဲ့အတွက်ကြောင့်မို့ ဒီဟာကို ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ ဘီးခွန်ကို ရပ်ဆိုင်းရခြင်းဖြစ်ပါတယ်"

မြို့ဝင်ဘီးခွန်ကောက်ခံတဲ့ ဂိတ်တွေကို ပိတ်လိုက်တာကြောင့် အဲဒီလို မြို့ဝင်ကြေးကောက်ခံဖို့ လိုင်စင် စီတွေက ပေးသွင်းထားတဲ့ အာမခံကြေးငွေနဲ့ လေလံအရစ်ကျငွေတွေကို ပြည်နယ်အစိုးရက ပြန်လည်ပေးအပ်သွားမှာဖြစ်တယ်လို့ ဦးနေဝင်းက ပြောပါတယ်။

မြို့ဝင်ဘီးခွန်ကောက်ခံတဲ့ ဂိတ်တွေကို ဖျက်သိမ်းလိုက်ပေမယ့် လမ်းတံတားကြေးကောက်ခံတဲ့ဂိတ်၊ စုပေါင်း စစ်ဆေးရေးဂိတ်တွေကတော့ လိုအပ်ချက်တွေအပေါ်မူတည်ပြီး ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

အများပြည်သူအနေနဲ့ ကုန်စည်ကူးသန်း ရောင်းဝယ်လုပ်ကိုင်သူတွေအနေနဲ့ မြို့ဝင်ကြေး တစ်ခါဖြတ်တိုင်း ဆောင်နေရတဲ့ ဘီးခွန် အနည်းဆုံး ကျပ် နှစ်ရာကနေ အများဆုံး ကျပ် နှစ်သောင်းအထိ သက်သာသွား မှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဲဒီမြို့ဝင်ဘီးခွန်ကြေး မရတော့တာကြောင့် အဲဒီအခွန်ငွေတွေနဲ့ လုပ်ကိုင်နေတဲ့ လမ်းတံ တားပြုပြင်တာအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အနည်းငယ် နှောင့်နှေးသွားနိုင်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းက မြို့နယ် ၁၆ ခုမှာ မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်ပေါင်း ၁၉ ဂိတ် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။