အစိုးရနဲ့ KIO ညှိနှိုင်းပြီး သန်းခေါင်စာရင်းကောက်


2014.04.07
census-kachin-winmaw-305.jpg ဝိုင်းမော်မြို့နယ် သာဂရသရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းမှာ ဧပြီလ ၃ ရက်နေ့က သန်းခေါင် စာရင်းကောက်ယူစဉ်
photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်ထဲက အစိုးရအုပ်ချုပ်ရေးနယ်မြေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO စိုးမိုးထားတဲ့ဒေသနဲ့ ထိစပ်နေတဲ့ကျေးရွာတွေမှာ နှစ်ဖက်ညှိနှိုင်းပြီး သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက RFA ကို ဒီနေ့  ပြောကြားပါတယ်။

သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့အတွက် ကချင်ပြည်နယ် အစိုးရအနေနဲ့ ကေအိုင်အိုအဖွဲ့ နဲ့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG ကိုလည်း စာရေးသားအကြောင်းကြားထား တယ်လို့ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောပါတယ်။

" တချို့ကတော့ စပ်ကူးဧရိယာရှိတဲ့ ရွာတွေရှိ တာပေါ့၊ အဲ့ဒီ စပ်ကူးဧရိယာရှိတော့ ဘာပဲဖြစ်ဖြစ် ဒါကကချင်ပြည်နယ် အစိုးရအနေနဲ့ကတော့ PCG ပေါ့လေ အဖွဲ့ကိုစာပို့လိုက်တယ်၊ ဒီလိုပဲ စပ်ကူးဖြစ်နေတဲ့ ရွာတွေကို ကျနော့်အနေနဲ့ ကောက်ဖို့ လိုတယ်၊ နိုင်ငံတော်အတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်တယ်၊ ဒါတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ညှိနှှိုင်းပေးပါ ဆိုတဲ့စာရေးလိုက်တယ်၊နောက်မှ KIO အဖွဲ့ကိုလည်း စာရေးထားပြီးသားဖြစ်ပါတယ်၊ဒီလို စပ်ကူးရွာအကုန်လုံးကတော့ လုံခြုံရေးအနေနဲ့ရော အားလုံးညှိနှှိုင်းချက်အရရော ကျနော်တို့ အေးအေးချမ်း ချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကောက်ယူနိုင်တဲ့ အခြေအနေမျိုးရှိပါတယ် "

လုံခြုံရေးအခြေအနေအရ သန်းခေါင်စာရင်းကောက်ယူလို့မရတဲ့ ကချင်ပြည်နယ်ထဲက ကျေးရွာပေါင်း ၄ဝဝ ကျော်မှာ အစိုးရတပ်မတော်က သန်းခေါင်စာရင်းကောက်ဝန်ထမ်းတွေကို လုံခြုံရေးပေးပြီး ကောက်ယူနေတယ်လို့ မြောက်ပိုင်း တိုင်း စစ်ဋ္ဌာနချုပ်က စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ဧပြီလ ၅ ရက်နေ့က ပြောထားပါတယ်။

လက်ရှိအခြေအနေအရ မြစ်ကြီးနားခရိုင်ထဲမှာ သန်းခေါင်စာရင်း ကောက်ယူလို့မရတဲ့ ကျေးရွာပေါင်း ၈ဝ ကျော်ထဲက တစ်ချို့ရွာတွေမှာ ဆက်လက်ကောက်ယူနိုင်ပေမယ့် အင်ဂျန်းယန်မြို့နယ်ထဲက ရွာပေါင်း ၅၄ ရွာမှာ လုံးဝကောက်ယူလို့ မရနိုင်သေးဘူးလို့ သိရပါတယ်။

မြစ်ကြီးနားခရိုင်ထဲမှာ ဒီနေ့ထိ အိမ်ထောင်စုပေါင်း ခုနှစ်သောင်းကျော်နဲ့ လူဦးရေစုစုပေါင်း လေးသိန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈ဝ ရာခိုင်နှုန်းကျော်ကောက်ယူနိုင်ပြီးပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။