ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

2022.08.05
ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ ကလေး PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်
Photo: People's Defense Force Kalay-Battalion 1
ကလေးမြို့နယ် တောင်ပိုင်း၊ သာယာကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးပြည်သူ့ ကာကွယ်ရေးတပ်တို့ ဩဂုတ်လ ၂ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ကလေးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ၁၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ တယ်လို့ ကလေးပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ဩဂုတ်လ ၂ ရက်နေ့မှာ ကလေး PDF တပ်ရင်း ၆ ကတစ်ဦး၊ ဩဂုတ်လ ၃ ရက်နေ့မှာ ကလေး ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကလေးရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
"ကျဆုံးသွားတဲ့ ရဲဘော်တွေက လက်နက်ကြီး ထိပြီး ဆုံးတာပေါ့။ ကလေး PDF က အသက် ၁၉ နှစ်အရွယ် ကိုဝေဇင်ဦး၊ ပ.က.ဖ ကလေးက အသက် ၁၉ နှစ်အရွယ် ကိုဇင်ညိမ်းအေး (ခေါ်) ချက်ကြီး၊ အသက် ၃၂ နှစ်အရွယ် အဖွဲ့ခေါင်းဆောင် ကိုဇင်မင်းထွန်း (ခေါ်) မှိုင်းမှိုင်း တို့ပါ။ လက်နက်ကြီးထိတဲ့နေရာမှာပဲ ကျဆုံးသွားကြပါတယ်။ ဒဏ်ရာအပြင်းအထန်ရ တာတော့ ၁၃ ဦးပဲ။ ဒီထက်လည်း အရေအတွက် များနိုင်ပါသေးတယ်။ ကျနော်တို့ စိစစ် နေတုန်းပါပဲ"
 
ကလေးမြို့ မြောက်ဘက်မှာရှိတဲ့ ခမရ (၂၂၈) ကနေ တိုက်ပွဲ ဖြစ်ပွားနေတဲ့ တောင်ဘက် သာယာကုန်းရွာကို လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ထိခိုက်မှုရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကလည်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
 
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
 
သာယာကုန်းရွာမှာ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်က စခန်းချထားပြီး ရွာအရှေ့ ဘက်က ဆန်စက်ကို မီးရှို့ဖျက်ဆီးတာတွေရှိသလို နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၈၀၀ နီးပါး နေထိုင်တဲ့ သာယာကုန်းရွာက ဒေသခံတွေဟာ တိုက်ပွဲကင်းလွတ်ရာနေရာတွေကို တိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။
 
ကလေးမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေဆဲဖြစ်သလို လက်ရှိမှာလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။