ကလေးမြို့မှာ အကြမ်းဖက်ဖြိုခွင်းခံရလို့ သေဆုံးသူထပ်တိုး

ဒေါ်စမ်းစမ်းတင်(ဝါရှင်တန် ဒီစီ)
2021-04-08
Share
စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းမှု ဆန့်ကျင်နေတဲ့ တာဟန်း ပင်မသပိတ်ခံတပ်ကို မနေ့က မနက် အစောပိုင်းမှာ စစ်ကောင်စီတပ်တွေက အင်အားသုံး ဝင်ရောက်စီးနင်းခဲ့ရာမှာ ကနဦး လူ ၁၁ ဦးခန့် သေဆုံးခဲ့သလို မနေ့ညပိုင်းမှာလည်း ဒဏ်ရာရသူတွေထဲက တစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
 
ဒီနေ့မှာ တစ်မြို့လုံးက နေရာအနှံ့မှာ စစ်တပ်နဲ့ရဲတွေက တပ်စွဲထားပေမယ့် ရပ်ကွက်အချို့မှာ ဆန္ဒပြ သပိတ်တွေက ဆက်ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
 
“ကလေးမြို့တွင်းမှာတော့ သူတို့က ကားကြီးဝင်းဘေးနားက ခယကရုံးမှာ တပ်စွဲထားတယ်ဗျ။ အဲဒါ ပြီးတော့ တောင်ဖီလာလမ်းခွဲမှာ တပ်စွဲထားတယ်။ ခရိုင်ရဲစခန်းမှာလည်း တပ်စွဲထားတယ်။ မြောက်ပိုင်း ဘက်ကျတော့ မြို့ပြင်မှာ သပိတ်ရှိတယ်။ အဲဒါပြီးတော့ မြို့တော်ခန်းမမှာ တပ်စွဲထားတယ်။ တောင်ဘက် ပိုင်းမှာလည်း တပ်စွဲထားတယ်။ အရှေ့ဘက်ခြမ်းကျတော့လည်း ရဲစခန်းမှာ တပ်စွဲထားတယ်။ ကင်းပုန်း တွေလည်း တွေ့တယ်။ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် သွားလာလို့မရတော့ဘူး။ သူတို့က အဲလိုမျိုး တပ်စွဲထားတော့ ပုံစံတွေ ပြောင်းပြီးတော့မှ ဆက်ပြီးတော့ တော်လှန်နေမှာပါ။ အခု ရပ်ကွက်တွေ ထဲမှာလည်း သပိတ်တွေက မပြတ်ပါဘူး”
 
ဆေးရုံနဲ့ တက္ကသိုလ်ကျောင်းဝင်းတွေထဲမှာလည်း စစ်တပ်နဲ့ရဲတွေက နေရာယူထားတာကို တွေ့ရတယ်လို့ သူက ဆိုပါတယ်။
 
ဒီနေ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဟာ စစ်တပ်နဲ့ရဲတွေ ရှိနေတဲ့နေရာတွေ ရှောင်ကွင်းပြီးတော့ ဆန္ဒပြကြတာဖြစ်လို့ ထိပ်တိုက်တွေ့တာမရှိဘဲ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတယ်လို့ သပိတ် ခေါင်းဆောင်တွေက ပြောပါတယ်။
 
ကလေးမြို့ အခြေအနေနဲ့ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန်ရာမှာ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနဲ့ တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်မှာ ပြုလုပ်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းနေစဉ် မနက် ၈ နာရီလောက်မှာ လူအင်အား ၁၀၀ လောက်နဲ့ နှောက်ယှက်လာခဲ့တယ်လို့ ဖော်ပြပါတယ်။
 
လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လက်လုပ်သေနတ်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်လာလို့ အဆင့်ဆင့် လူစုခွဲခဲ့ရာမှာ နေ့လယ် ၁ နာရီလောက်မှာ လူစုကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပေမယ့် မြို့ခံတွေဘက်က ထိခိုက်သေဆုံးမှုတွေကိုတော့ မဖော်ပြထားပါဘူး။
 
မနေ့က ဖြစ်စဉ်အတွင်း လူ ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားပေမယ့်လည်း အမှန်တကယ် မှာတော့ အဲဒီအရေအတွက်ထက် ပိုများတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
 
“ကျွန်တော်တို့ မနေ့က အဖမ်းခံရတဲ့အထဲမှာ တချို့မြင်တာကတော့ ယောက်ျားလေးကတော့ ၁၈ ဦး ပေါ့နော်။ နောက်ထပ် မိန်းကလေးတွေလည်း ပါတယ်လို့ သိရတယ်။ ဒီကိစ္စ စခန်းဘက်တွေကိုတော့ လိုက်ပြီးတော့ စုံစမ်းနေတယ်။ လောလောဆယ်တော့ သတင်းမရသေးဘူးပေါ့နော်။ ဖမ်းဆီး ခံရတဲ့အထဲ ပါတာကတော့ အစုံပေါ့နော်။ အနောက်ပိုင်းကဆိုရင် ချင်းလူမျိုး တိုင်းရင်းသားတွေဟာ လက်လုပ် တူးမီးသေနတ်တွေ ကိုင်တဲ့အတွက် အဖမ်းခံရတယ်ပေါ့နော်။ အဲလိုမျိုးကတော့ လေးငါးယောက်လောက် ပါတယ်ပေါ့နော်။ ပြီးတော့ ကျောင်းသားတွေပါတယ်။ သာမန် အရပ်သားတွေလည်း ပါတယ်။ လူအစုံပေါ့”
 
သပိတ်စစ်ကြောင်းတွေမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးမှုတွေ ရှိနေလို့ လူငယ်တွေ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင် နေရသလို အဲဒီ ထွက်ပြေးရာမှာလည်း လှမ်းပစ်တာတွေ ရှိနေတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်အချို့က ပြောပါတယ်။
 
ဒါပေမဲ့ အဝေးကို ထွက်ပြေးတာမျိုးမဟုတ်ဘဲ မြို့ထဲမှာ ပိတ်မိနေသူတွေရှိရင် ကယ်ထုတ်ဖို့ အတွက်ပါ လုပ်ဆောင်သွားမယ်လို့ တိမ်းရှောင်နေရတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
 
“တချို့ လူငယ်လေးတွေလည်းပါတော့ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ ပြန်စုပြီးတော့မှ ကျွန်တော်တို့ တိမ်းရှောင်နေတယ်ဗျ။ ကျွန်တော်တို့ ဆုတ်တဲ့လမ်းကြောင်းဘက်မှာ ကွင်းပြင်ကြီး ဖြစ်နေတဲ့ အတွက်ကြောင့် မို့လို့ ကျွန်တော်တို့ခေါင်းပေါ်မှာ စနိုက်ပါလို့ ထင်ရတဲ့ဟာတွေနဲ့ တောက်လျှောက် ပစ်တယ်။ ကျွန်တော်တို့ ကောင်းကင်ပေါ်ကိုပေါ့။ ကျွန်တော်တို့ဆီကတော့ မထိနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် တို့က လူစုများတယ်ဆိုတော့ ဖြည်းဖြည်းချင်း ဆုတ်နေရတာဆိုတော့ သူတို့က အပေါ်ကနေ လှမ်းပစ် တာဗျ။ ကျွန်တော် ထင်တာကတော့ တောင်ဖီလာ တောင်ပေါ်ကနေ လှမ်းပြီးပစ်သလား၊ သေနတ်တွေနဲ့ သတင်းပေးနေတာလားတော့ ကျွန်တော်တို့ မသိဘူးပေါ့နော်။ ကျွန်တော်တို့ကတော့ တအားကြီး ဆုတ်သွားလို့လည်း မရဘူး။ ကျွန်တော်တို့ လူတွေကျန်နေတာကို ပြန်ပြန်ကယ် ထုတ်ဖို့အတွက် ပြန်ကပ်လာရတယ်ဗျ”
 
မနေ့ညကလည်း မြို့ပေါ်မှာ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပေမယ့် ဒီနေ့မှာတော့  ရဲကားအချို့ လှည့်လည် သွားလာနေတာကလွဲလို့ ပစ်ခတ်တာတွေ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
 
စစ်အာဏာရှင် ဆန့်ကျင်သူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖြိုခွင်းတာတွေ ရှိပေမယ့်လည်း ဒေသခံတွေကတော့ နောက်ဆုတ်သွားမှာ မဟုတ်ဘဲ နည်းလမ်း အမျိုးမျိုးနဲ့ ဆန္ဒပြတာတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကလေးမြို့ပေါ်က အမည်မဖော်လိုတဲ့ ဆန္ဒပြသပိတ်ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။
 
“ကျွန်တော်တို့ကတော့ နောက်ဆုတ်မယ်ဆိုတာတော့ မရှိဘူး။ ရရင်ရသလိုရတဲ့နည်းနဲ့ အောင်ပွဲမရမချင်း ဆက်လက်ပြီးတော့  ဆန္ဒပြနေမှာပဲ။ မနေ့ကဆိုလည်း ဆန္ဒပြထွက်တယ်။ ဒီတဟန်းက ကျွန်တော်တို့ ညီအစ်ကိုတွေ ဖြိုခွင်းခံရပေမယ့် ကျွန်တော်တို့ကတော့ မနားဘူးပေါ့နော်။ ကျွန်တော်တို့ကတော့ ကြောက်သွားတယ် ဆိုတာလည်းမရှိပါဘူး။ ဒီအာဏာရှင်ကို ကျွန်တော်တို့က အကြမ်းမဖက် အနုနည်းနဲ့ပဲ ဆက်ပြီးဆန္ဒပြနေမယ်။ ဒါကိုလည်း အောင်ပွဲမရမချင်း ကျွန်တော်တို့ကတော့ ဆက်ပြီးမှ ရရင်ရသလို နည်းနဲ့ ဆက်ပြီးတော့ ဆန္ဒပြနေမှာ”
 
မနေ့က စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုမှာ လူ ၁၅ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
 
အဲဒီအထဲက အမျိုးသမီးငယ်တစ်ဦးနဲ့ နောက်ထပ် အမျိုးသားတစ်ဦးမှာဆိုရင် ဒဏ်ရာတွေ ပြင်းထန် တာကြောင့် အခြေအနေစိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
 
ကလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကစပြီးတော့ စစ်တပ်နဲ့ရဲတို့က မြို့ပေါ်က ဆန္ဒပြသူတွေကို အင်အားသုံးပြီး ဖြိုခွင်းနေတာကြောင့် ဆန္ဒပြသူတွေက လက်လုပ်သေနတ်တွေနဲ့ ပြည်လည်ခုခံကြရာမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတာပါ။
 
ကလေးမြို့မှာ မနေ့ညအထိဆိုရင် စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဆန္ဒပြပြည်သူ ၃၀ ယောက်ခန့်အထိ ရှိနေပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့