ကန်ပက်လက်မှာ ဒေသခံတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2024.04.05
ကန်ပက်လက်မှာ ဒေသခံတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ ကန်ပက်လက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ဖျံချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံဖြစ်တဲ့ အသက် ၆၂ နှစ်အရွယ် ဦးဟုန်းသာကို ဧပြီလ ၃ ရက်နေ့မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖျံချောင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက်မှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖျံချောင်းမှာ တပ်စွဲထားတဲ့ စကစနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ စကစ က လေကြောင်းကနေ ဗုံးကြဲတယ်။ အဲဒီနောက်မှာ ရွာသားတစ်ဦးကို ဖမ်းပြီး သတ်ဖြတ်လိုက်တာ”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် လုပ်ခဲ့တာကြောင့် ဖျံချောင်းရွာထဲက နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာလည်း ဖျံချောင်းရွာအပါအဝင် အနီးတစ်၀ိုက်က ဒေသခံ နှစ်ရာကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချို ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၄၈၄၉ ဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။