မြိုင်ကလေး ဘိလပ်မြေစက်ရုံကို ရပ်တန့်ဖို့ဒေသခံတွေ တောင်းဆို


2018.11.10
statement-for-karen-cement-622.jpg ကရင်ပြည်နယ် ဘားအံမြို့နယ် တန်(၄၀၀၀) ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ကြေငြာချက်ကို တွေ့ရစဉ်
.

ကရင်ပြည်နယ် ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာအုပ်စုနဲ့ လှာကာကျေးရွာအုပ်စုမှာရှိတဲ့ ဘိလပ်မြေစက်ရုံ ၂ ရုံဟာ ဒီနှစ်ကစပြီး ကျောက်မီးသွေးစွမ်းအင်နဲ့ လည်ပတ်ဖို့ ပြင်ဆင်နေတာကို ရပ်တန့်ပေးဖို့ ဒေသခံတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အဲ့ဒီဘိလပ်မြေစက်ရုံတွေမှာ ကျောက်မီးသွေးသုံးပြီးလည်ပတ်မယ့်ကိစ္စကို ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း အသိမပေးတာ၊ ကျောက်မီးသွေးလောင်စာတွေကို သယ်ယူနေတာ၊ ခွင့်ပြုမိန့်တွေ မပြတာတွေကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်နေရတာကြောင့် အခုလို ကန့်ကွက်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိ အခြေအနေမှာတောင် ဘိလပ်မြေစက်ရုံကထွက်တဲ့ ဖုန်တွေ၊ အခိုးအငွေ့တွေကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ယားနေတွေဖြစ်တာ၊ အသက်ရှုကြပ်တာတွေ ခံစားနေကြရတယ်လို့ ပြောပါတယ်။

ကျေးရွာဒေသခံ တချို့ဆိုရင်လည်း ကျောက်ကပ်ရောဂါနဲ့ပတ်သက်တာတွေ ခံစားနေကြရတာကြောင့် ကျောက်မီးသွေးသာ သုံးမယ်ဆိုရင် ဒီထက်ပိုပြီး ဆိုးကြိုးတွေရင်ဆိုင်ရမှာကို စိတ်ပူကြတာလို့ လှာကာကျေးရွာက ဒေါ်စိုးစိုးဌေးက ပြောပါတယ်။

ဘိလပ်မြေစက်ရုံတွေမှာ ကျောက်မီးသွေးလောင်စာ ပြောင်းပြီးသုံးဖို့ ကျောက်မီးသွေးတွေကိုလည်း ပြီးခဲ့တဲ့ ၁၅ ရက်လောက်မှာ စပြီးသယ်နေတာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီကျောက်မီးသွေးတွေကနေ အငွေ့တွေထွက်တာ၊ မီးလောင်တာတွေကြောင့် ရေဖြန်းနေကြပြီး အဲဒီ ရေတွေကလည်း ဒေသခံတွေအသုံးပြုတဲ့ ချောင်းတွေထဲကို စီးဝင်နေတာကြောင့် စိတ်ပူနေတယ်လို့လည်း ပြောပါတယ်။

ဒေသခံတွေက ရပ်ဆိုင်းဖို့ ကြေညာချက်ထုတ်ပြန်တောင်းဆိုတာနဲ့ ပတ်သက်ပြီး မြိုင်ကလေးနဲ့ လှာကာ ဘိလပ်မြေစက်ရုံကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

တစ်ရက်ကို တန် ၉၀၀ ထုတ် နဲ့ တန် ၄၀၀၀ ထုတ် အဲဒီ ဘိလပ်မြေစက်ရုံ ၂ ရုံကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ကနေ စတင်လည်ပတ်ခဲ့တာဟာ နှစ် ၂၀ ကျော်ကြာပြီလို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။