မြေမြှုပ်မိုင်း ရှင်းလင်းရေး အချိန်ယူရဦးမည်လို့ပြော


2013.03.30
karen-affair-305.jpg ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မတ်လ ၂၈ ရက်နေ့က စတင်ကျင်းပတဲ့ ကရင်ရေးရာ အစည်းအဝေး အခမ်းအနားကို တွေ့ရစဉ်
photo: RFA/ Moe Thu Aung

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ယုံကြည်မှု ပိုပြီးတည်ဆောက်နိုင်မှသာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ကျန်နေသေးတဲ့ မြေမြှုပ်မိုင်းတွေကို အပြည့်အဝရှင်းလင်းနိုင်မှာဖြစ်တယ်လို့ ကရင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က RFA ကို ပြောပါတယ်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကရင်လူမှုရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ ပထမဆုံးအကြိမ် ကရင့်ရေးရာ အစည်းအဝေးကို တက်ရောက်လာတဲ့ ဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က RFA ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။

ကရင်ပြည်နယ်အတွင်းက မြို့နယ်အတော်များများမှာ မြေမြှုပ်မိုင်းတွေ နေရာအနှံ့မှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ် အပါအဝင် လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးအတွက် အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှသာ ပြည်တွင်းမှာ စစ်ကြောင့် ပြောင်းရွှေ့နေထိုင်ကြတဲ့ဒေသခံတွေ ပြန်လည်နေရာချထားရေးအတွက်လည်း အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကရင်ပြည်နယ်အတွင်း မြေမြုပ်မိုင်း ရှင်းလင်းရေးကိစ္စကို ဆောင်ရွက်နိုင်ဖို့ အစိုးရနဲ့ အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဦးစားပေးရှင်းလင်းရမယ့် နယ်မြေတွေကို ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ မြေမြုပ်မိုင်းရှင်းလင်းရေးကိစ္စ ဆောင်ရွက်တဲ့နေရာမှာ နော်ဝေနိုင်ငံလို အတွေ့အကြုံရှိပြီးသား နိုင်ငံတွေရဲ့ အကူအညီတွေကို ရယူသင့်တယ်လို့ ရန်ကုန်အခြေစိုက် မြေမြှုပ်မိုင်းရှင်းလင်းရေးကိစ္စတွေ ဆောင်ရွက်နေတဲ့ Mine Action Myanmar ရဲ့ ဥက္ကဌ ဦးစောမိုးမြင့်က ပြောပါတယ်။

ကရင်ပြည်နယ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေကတော့ KNU  ကရင်အမျိုးသား အစည်းအရုံး၊ KNLA ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီနဲ့ ဗိုလ်ချုပ်စောလားဘွယ် ခေါင်းဆောင်တဲ့ ကလိုထူးဘောအဖွဲ့ DKBA တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။