ကရင်နီ မီးဘေးဒုက္ခသည်တွေ အကူအညီလိုနေ


2015.04.21
karenni-camp-fire-305.jpg ဧပြီလ ၇ ရက်နေ့က မီးလောင်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ ကို တွေ့ရစဉ်
Photo: Aung Moe Myint/RFA

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က မီးလောင်ခဲ့တဲ့ ထိုင်း မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) က မီးဘေးဒုက္ခသည်တွေအတွက် နေအိမ်တွေ ပြန် လည်ဆောက်လုပ်ဖို့ သစ်ဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

အဲဒီ မီးလောင်မှုကြောင့် အိမ်ခြေ ၁၉၁ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဒုက္ခသည် ၈၇၇ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ သူတို့အတွက် အစားအစာနဲ့ အဝတ်အစားတွေကို စေတနာရှင်တွေ လာရောက် လှူဒါန်း နေကြပေမယ့် ပြည့်စုံမှုမရှိတဲ့အပြင် နေ အိမ်တွေဆောက်ဖို့လည်း လိုနေတယ်လို့ စခန်းကော်မတီ ဒု ဥက္ကဌ နော်ခူဖေါ က RFA ကို  မနေ့က ပြောပါတယ်။

"အခုလောလောဆယ်အတွက်ဆို အဓိကပေါ့နော် သူတို့အိမ်ကပြန်ရဖို့အတွက်က အဓိကဖြစ်နေ တယ်ပေါ့နော်၊ သူတို့အခုက အိမ်လုပ်ဖို့အတွက် သစ်တွေဝါးတွေမရှိတော့ မိုးကာတွေနဲ့ပဲထောင်ပြီးတော့ ဒီလိုတဲထိုးပြီးတော့နေကြတယ်၊ နောက်ပြီးတော့မှ ဒီလို မီးလောင်ပြင်ကြီးထဲမှာပဲ ဒီမိုးကာတွေနဲ့ နေရတဲ့ အခါမှာကြတော့ အခုလိုမျိုးနွေရာသီနဲ့ ဆိုတော့လည်း တော်တော်သူတို့အတွက် ပူပြင်းတာတွေ အဲ့လိုမျိုးဖြစ် တာတွေရှိတယ်"

မီးဘေးဒုက္ခသည်တွေ ပြန်လည်နေရာချထားပေးရေးအတွက် ဒုက္ခသည်စခန်းကော်မတီနဲ့ ထိုင်းအာဏာပိုင်တွေ ညှိနှိုင်းဆွေးနွေးထားပြီး ငါးအိမ်တစ်စု ပြန်လည်ဆောက်လုပ်ပေးမယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့ရှိ စေတနာရှင်တချို့က မနေ့ညနေပိုင်းမှာ မီးဘေးဒုက္ခသည်တွေကို ထိုင်းဘတ်ငွေ နှစ်သောင်းကျော်နဲ့ အဝတ်အစားတွေ လာရောက်လှူဒါန်းခဲ့ပါတယ်။

အဲဒီအလှူရှင်တွေကို ဦးဆောင်လာတဲ့ ဦးစည်သူမောင် ဆိုသူက ဒုက္ခရောက်နေသူတွေကို တတ်စွမ်းသမျှ ကူညီချင်တာဟာ မိမိတို့ရဲ့ စေတနာပါပဲလို့ RFA ကို ပြောပါတယ်။

"ဒုက္ခသည်စခန်းမှာ ဒါမီးလောင်တယ်ဆိုတော့ ဒုက္ခရောက်နေတဲ့လူတွေအပေါ်မှာ တပူပေါ်နှစ်ပူဆင့်ဆိုတော့ ပိုပြီးတော့ သူတို့အနေနဲ့ အတိဒုက္ခရောက်မှာပဲဆိုပြီးတော့ ဒါစာနာစိတ်နဲ့ပေါ့နော် ကျနော်တို့က ဒါလူသားချင်းစာနာစိတ်နဲ့ပဲ ကျနော်တို့ လှူတာပေါ့၊ အရင်တုန်းကလည်း ကျနော်တို့ ဒီလိုပဲ မီးဘေးသင့်တဲ့ တိုင်းရင်းသားပြည်သူတွေကို ကျနော်တို့က အမြဲတမ်းပေါ့ ဘယ်မှာပဲဖြစ်ဖြစ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် ကျနော်တို့ ဒါလှူနေကြပေါ့ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ လှူဖို့ဖြစ်ပါတယ်"

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ အဲဒီ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) မှာ အိမ်ခြေ နှစ်ထောင်လေးရာကျော်ရှိပြီး လူဦးရေ တစ်သောင်းတစ်ထောင် ခြောက်ရာကျော် နေထိုင်လျှက်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။