ကောင်းမှုတော်ဘုရား ထုံးသင်္ကန်း ပြန်ကပ်လှူဖို့ လက်မှတ်ကောက်ခံ


2018.01.11
kaunghmudaw-pagoda-622.jpg စစ်ကိုင်းမြို့က ကောင်းမှုတော်ဘုရားကြီးကို တွေ့ရစဉ်
Photo: Khaymani Win/ RFA

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာတည်ထားတဲ့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးကို ထုံးသင်္ကန်း ပြန်လည် ကပ်လှူပူဇော်နိုင်ရေး တောင်းဆိုဖို့အတွက် သဘောထားလက်မှတ်ကောက်ယူပွဲကို ဒေသခံ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး စစ်ကိုင်းမြို့၊ ပိုးတန်းရပ်၊ သုဓမ္မာ ဓမ္မာရုံမှာ ဒီကနေ့ ပြုလုပ်ပါတယ်။

ကောင်းမှုတော်ဘုရားကြီးကို ထုံးသင်္ကန်းပြန်ကပ်စေချင်တာဟာ စစ်ကိုင်းဒေသခံတွေရဲ့ဆန္ဒဖြစ်ပြီး နိုင်ငံရေး လုံးဝမပါဘူးလို့ စစ်ကိုင်းမြို့ မြိုမိမြို့ဖအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်း က ပြောပါတယ်။

"မြို့မိမြို့ဖအားလုံးပိုင်တဲ့ ဘုရားကြီးဖြစ်တယ်၊ တပြည်လုံးပိုင်တဲ့ ဘုရားကြီးဖြစ်တယ်၊ ဒီဘုရားကြီးကို ထုံးသင်္ကန်းပြန်ကပ်ဖို့အတွက် ကျနော်တို့ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ပါဘူး၊ ကျနေ်ာ်တို့ရဲ့ ရင်ထဲခံစားချက် စစ်ကိုင်းမြို့သူမြို့သားအားလုံးရဲ့ ခံစားချက် တပြည်လုံးရဲ့ ခံစားချက်ကြောင့် ကျနော်တို့ ထုံးသင်္ကန်းပြန်ကပ် ချင်တာပါ"

စေတီတော်ကို ရွှေဆေးသင်္ကန်းကပ်လှူရာမှာ ကျပ်သိန်း ၅၀၀ လောက်အထိ ကုန်ကျပြီး ထုံးသင်္ကန်း ကပ်လှူမယ် ဆိုရင် ကျပ်သိန်း ၅၀ ခန့်သာ ကုန်ကျတာဖြစ်လို့ ကုန်ကျစရိတ်တွေလည်း သက်သာနိုင်တယ်လို့ မြို့မိမြို့ဖတွေက ပြောပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ လက်မှတ်ကောက်ခံပွဲကို စစ်ကိုင်းဒေသခံ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၅၀ လောက် တက်ရောက်ခဲ့ကြပြီး  လူ ၂၀၀ ကျော်က ထုံးသင်္ကန်းပြန်လည်ကပ်လှူဖို့ လတ်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီလက်မှတ်တွေကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပေးပို့တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ထုံးသင်္ကန်းနဲ့သာ တည်ရှိခဲ့တာဖြစ်ပြီး ၂၀၁၀ ခုနှစ်က (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်) မှာ ရွှေသင်္ကန်းအဖြစ် ပြောင်းလဲပြီး ကပ်လှူပူဇော်ခဲ့တာ ဖြစ်ပါတယ်။

ကောင်းမှုတော်ဘုရားကြီးကို ထုံးသင်္ကန်းပြန်လည်ကပ်လှူနိုင်ဖို့အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ စစ်ကိုင်းမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကိုက ရွှေဆေးသင်္ကန်း သက်တမ်းကုန်ဆုံးရင် ထုံး သင်္ကန်းကပ်လှူပူဇော်မယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိတော့ ထုံးသင်္ကန်းပြန်လည်ကပ်လှူဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက တရားဝင်ညွန်ကြားထားတာမရှိသေးလို့ ကောင်းမှုတော် ဘုရားဂေါပက ဥက္ကဌ ဦးတုတ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။