ကော့သောင်း တောင်မြေပြိုမှု လူ ၅ ဦး သေဆုံး


2018.07.30
kawthaung-landslide-622.jpg ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာမှာ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၃ဝ ရက်နေ့က တောင်မြေပြိုမှုကို တွေ့ရစဉ်
Photo : Sein Naing

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ပလုံးတုံတုံးကျေးရွာမှာ မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့်   ဒီနေ့မနက် တောင်ပြိုမှု တရပ်ဖြစ်ပွားခဲ့ရာ လူနေ အိမ် ၅ လုံးပြိုကျပျက်စီးပြီး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် ရွာသား ၁ ဦးကတော့ ဆေးကုသမှုခံနေရတယ်လို့ ပလုံးတုံတုံးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇင်ကိုဦးက ပြောပါတယ်။

"မနက် ၈ နာရီလောက်က မိုးသည်းပြီးကာစမှာ တောင်မြေပြိုကျတယ်၊ တောင်မြေပြိုတော့ အိမ် ၅ လုံးပြိုတယ်၊ ၄ လုံးက လုံးလုံးပြိုတယ်၊ ၁ လုံးက နောက်ဖေးပြိုကျတယ်၊ လူကတော့ ၅ ယောက်ဆုံးသွားတယ်၊ ၁ ယောက် ကတော့ ဆေးရုံမှာ ကုသနေတယ်"

အဲဒီ ပျက်စီးသွားတဲ့ နေအိမ် ၅ လုံးထဲက ၄လုံးမှာ လူနေထိုင်မှုမရှိဘဲ  ကျန်အိမ်တစ်လုံးက မိသားစုဝင် ၆ ဦး မြေစာပိခဲ့တာဖြစ်ပါတယ်။

အဲဒီထဲက ၅ ဦးဟာ ကော့သောင်းဆေးရုံမှာ ဆေးဝါးကုမှုခံနေရင်း သေဆုံးခဲ့ပြီး တစ်ဦးကတော့ အရေးပေါ် လူနာအနေနဲ့ ဆေးကုသမှုဆက်လက်ခံယူနေပါတယ်။

တောင်ပြိုကျတဲ့နေရာကို တပ်မတော်သားတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေက စက်ယန္တရားတွေ အသုံးပြုပြီး ရှင်းလင်းရေးဆောင်ရွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။