KNPP တပ်ဖွဲ့ဝင်အင်အား ၂ဝဝ လောက် ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ခံထားရ
2015.05.08
KNPP တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ကယားပြည်နယ် ရှားတောမြို့နယ်ထဲကို ရောက်ရှိနေတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်အင်အား ၂ဝဝ လောက်ကို ပြည်နယ်အစိုးရက နယ်မြေဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တဲ့အတွက် KNPP ခေါင်းဆောင်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ မနက်ဖြန် လွိုင်ကော်မြို့မှာ တွေ့ဆုံဆွေးနွေးကြ မှာ ဖြစ်ပါတယ်။
KNPP တပ်ဖွဲ့ဝင်တွေ သွားလာလှုပ်ရှားခွင့်ရှိတဲ့ နယ်မြေ အတိအကျ သတ်မှတ်ပေးဖို့အကြောင်းကို အဓိက ဆွေးနွေး မှာဖြစ်တယ်လို့ KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ် က ပြောပါတယ်။
"အဖွဲ့တော့ ကျနော်တို့တွေ့မှာကတော့ ဒီစစ်ကြောင်းနဲ့ ပတ်သက်ပြီး အဖွဲ့ရပ်တန့်ခံရတယ်လေ၊ ကျနော်တို့ အစီအစဉ်မစနိုင်သေးတာကြောင့် စစ်ကြောင်းပေါ့၊ ဒီနယ်လှည့်စစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ တစ်ခုကတော့ ပြည်နယ်ညီလာခံတစ်ခုလုပ်ဖို့ကလည်း ညှိနှိုင်းဖို့ရှိပါတယ်၊ နယ်မြေသတ်သတ်မှတ်မှတ် မသတ်မှတ် တဲ့အချိန်မှာ ကျနော်တို့ကလည်း ကျနော်တို့ လှုပ်ရှားနေတဲ့နေရာမှာ လှုပ်ရှားခွင့်ပြုသင့်တယ် ဆိုတာတစ်ခုတော့ ကျနော်တို့ပြောမှာပဲ၊ နောက်မှ လူထုတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့သင့်တယ်ဆိုတာ ကျနော်တို့ တောင်းဆိုမှာပဲ"
KNPP တပ်ဖွဲ့ဝင် ၂ဝဝ လောက်ဟာ လက်နက်၊ ဝတ်စုံအပြည့်နဲ့ ရှားတောမြို့နယ်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ စည်းရုံးရေးဆင်းဖို့အတွက် မေလ ၅ ရက်နေ့မှာ ရောက်ရှိနေတာလို့ ဆိုပါတယ်။
အဲ့ဒီလှုပ်ရှားမှုတွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က ခွင့်မပြုကြောင်း KNPP အဖွဲ့ဝင်နှစ်ဦးကို ခေါ်ယူသတိပေး ခဲ့ကြောင်း မေလ ၆ ရက်နေ့ထုတ် မြဝတီသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
KNPP အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်က အစိုးရနဲ့ ပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။









