သစ်ထုတ်သူတွေက ပြည်နယ်ဦးစီး မှူးကို ခြိမ်းခြောက်

2017-05-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ခုတ်ယူထားသော သစ်လုံးများပုံ
ခုတ်ယူထားသော သစ်လုံးများပုံ
Photo: RFA

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ တရားမဝင်သစ်ခိုးထုတ်တာကို တွေ့ရှိတဲ့အတွက်ကြောင့် သစ်တွေကို ဖမ်းဆီး သိမ်းဆည်းခဲ့တဲ့ ပြည်နယ်သစ်တောဦးစီးမှူးကို ဖုန်းနဲ့ခြိမ်းခြောက်တာတွေရှိနေကြောင်း ကယားပြည်နယ်အစိုးရ ဝန်ကြီးတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအပြင်ဘက်မှာ ပိုင်ရှင်မဲ့သစ် ၅၃ တန်ကျော်ကို  ဖမ်းဆီးခဲ့တဲ့ နောက်ဆက်တွဲ ပြည် နယ်သစ်တောဌာန ဦးစီးမှူးကို ဖုန်းနဲ့ ခြိမ်းခြောက်ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

"ညွှန်မှူးဆီကို ည ၉နာရီခွဲလောက်မှာခေါ်တယ်၊ ခင်ဗျား ညွှန်မှူးလားမေးတယ်၊ သစ်တောညွှန်မှူး ဘာဖြစ် လို့ ကေးလျားမှာ သစ်လာဖမ်းတာလဲ၊ ခင်ဗျားထမင်းအဝစားထားဆိုပြီး ဖုန်းချသွားတယ်ပြောတယ်"

အဲဒီ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့လည်း ဝန်ကြီး က ပြောပါတယ်။

အခုလ ၁၄ ရက်နေ့က ဘောလခဲတပ်နယ် အမှတ် ၃၃၇ ခြေမြန်တပ်ရင်း က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရင်း ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ ကေးလျားရွာပြင်မှာ ပိုင်ရှင်မဲ့သစ်တွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။  ဖမ်းဆီးရ မိတဲ့ ပိုင်ရှင်မဲ့သစ် ၅၃ တန်ကျော်ထဲမှာ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်သစ်အမျိုးအစားတွေပါဝင်တယ် လို့ ကယားပြည် နယ်သစ်တောဦးစီးဌာနကသိရပါတယ်။

အလားတူ သစ်တောဝန်ထမ်းတွေကို ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့တဲ့အတွက် အောက်ခြေ သစ်တောဝန် ထမ်းတွေ နှုတ်ထွက်တာ ၃ ယောက်လောက်ရှိတယ်လို့လည်း သိရပါတယ်။

လက်ရှိ အစိုးရသစ် လက်ထက် တစ်နှစ်ကျော်အတွင်း ကယားပြည်နယ်မှာ တရားမဝင် သစ်တန်ချိန် ၇ဝဝ ကျော် ဖမ်းဆီးရရှိခဲ့တယ်လို့  ပြည်နယ်သစ်တောဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့