၀န်ကြီးချုပ်ကို ဥပဒေနဲ့အညီ ဖြုတ်ချခဲ့တယ်လို့ ကယားလွှတ်တော်ပြော

စိုးစိုးထက်၊ ခေမဏီဝင်း၊ ဖြူဖြူခိုင်
2020-09-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချတာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု  ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်း ကြေညာချက်ပါ စွပ်စွဲချက်ကို ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက  လက်မခံနိုင်ကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာသာဖြစ်တယ်၊ ပါတီကရွေးချယ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းထဲ မပါတဲ့အတွက် အငြိုးထားပြီး လုပ်ဆောင်ခြင်း မဟုတ်ဘူးလို့ ဦးလှထွေးက တုံ့ပြန်ပါတယ်။

"ကျနော်တစ်ယောက်တည်း လုပ်လို့မရပါဘူး။ အားလုံးပူးပေါင်းပြီး လုပ်တဲ့ကိစ္စပါပဲ။ အခု ဒီဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချတဲ့ ကိစ္စကလည်း လွှတ်တော်ဥက္ကဋ္ဌ လုပ်လို့မရပါဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပူးပေါင်းပြီးတော့မှ ကိုယ်စားလှယ်အားလုံးရဲ့ အားနဲ့ ဖြစ်သွားတာပါ။ အခု မြင်နေတာက လွှတ်တော်ဥက္ကဋ္ဌပဲ မြင်နေကြတယ်။ အဲဒါကို ရှင်းရှင်းသိဖို့ လိုမယ်လို့ ထင်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်ကို ကိုယ်စားလှယ်လောင်းမပါလို့ ဖြုတ်ချတယ်ဆိုတဲ့အပိုင်းက နည်းနည်းများသွားပြီ"

ဦးလှထွေးနဲ့ လက်ရှိ NLD လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပါတီက ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းထဲမှာ မပါဝင်ပါဘူး။  ဦးလှထွေးဟာ သြဂုတ် ၆ရက်နေ့ ကတည်းက ပါတီဝင်အဖြစ်ကနေလည်း နုတ်ထွက်ထားပါတယ်။

ဒီလိုဖြုတ်ချခြင်းဟာ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းမှာ မပါဝင်တဲ့သူတွေ ပူးပေါင်းပြီး အာဃာတနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ NLD က စွပ်စွဲထားတာပါ။

ပါတီပုံရိပ်ထိခိုက်အောင် လွှတ်တော်ထဲမှာ ပူးပေါင်းပြီး အချိန်ကိုက်ဆောင်ရွက်ခဲ့တာလို့လည်း NLD ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားဖို့ ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားချက်ကို မနေ့ကပဲ သမ္မတက အတည်ပြုခဲ့ပါတယ်။

လွှတ်တော်နဲ့ သမ္မတရဲ့ဆုံးဖြတ်ချက်ကို လေးစားရမယ်လို့ ရန်ကုန်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးငွေလင်းက ပြောပါတယ်။

“ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက သူ့ကို လူထုက တော်တော် လက်မခံနိုင်တော့တဲ့ အနေအထား တွေ့ရတယ်။ လွှတ်တော်က စွပ်စွဲပြောဆိုမှုတွေနဲ့ မဲခွဲဆုံးဖြတ်မှုတွေအရ သူဟာ ဝန်ကြီးချုပ်နဲ့ မထိုက်တန်တော့ဘူး ဆိုတာမျိုး ဖြစ်တာပေါ့။ အဲဒါကို မဲခွဲဆုံးဖြတ်ကြတယ်။ အဲဒီအပေါ်မှာ သမ္မတကလည်း ဆုံးဖြတ်ချက် ချပေးလိုက်တာက ကောင်းတဲ့ကိစ္စလို့မြင်တယ်။ တကယ်တော့ ကယားပြည်နယ်လွှတ်တော်က ကယားပြည်နယ်အစိုးရကိစ္စကို ဆောင်ရွက်ကြတာ သင့်တော်တယ်လို့ မြင်တယ်။ အဲဒါအပေါ်မှာ သမ္မတကလည်း စာထုတ်တာကလည်း သင့်တော်တဲ့ကိစ္စပဲ။ အဲဒါနဲ့ ပတ်သက်ရင်တော့ အနိုင်ရပါတီပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲဖြစ်ဖြစ် ပြောဖို့ မထိုက်ဘူးဗျ။ အဲဒီပြောတဲ့ဟာက ဆုံးဖြတ်တဲ့ လွှတ်တော်တွေ၊ ဆုံးဖြတ်တဲ့ သမ္မတတွေကိုပါ နည်းနည်းကျော်နင်းသလိုဖြစ်နေတယ်။ အဲဒါတော့ စိတ်ပျက်တယ်။  မသင့်တော်ဘူး”

NLD ရဲ့ မနေ့က ကြေညာချက်မှာတော့ စွပ်စွဲပြစ်တင်ခဲ့တဲ့ ကိုယ်စားလှယ် ငါးဦးထဲက တစ်ဦးဟာ သူ့စွပ်စွဲမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပေမယ့် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းပြီး ဆက်လက် ဆောင်ရွက်ခဲ့တယ် ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။

အဲဒီလို ရုပ်သိမ်းနိုင်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်းမထားဘူးလို့ ဦးလှထွေးက ပြောပါတယ်။

"ဒီမှာ တင်ပြီးသားဆိုရင် နုတ်ထွက်လို့ရတဲ့ဥပဒေ မပြဋ္ဌာန်းထားဘူး။ ၂၆၃ (က)အရ အဲဒီ ၆ ချက် တင်လို့ရှိရင် (ခ)အရ ကိုယ်စားလှယ် လေးပုံတစ်ပုံက တင်လာတာပဲရှိမယ်။ ကိုယ်စားလှယ် လေးပုံတစ်ပုံက တင်လာတယ်ဆိုတော့ သူပါတယ်လေ။ တင်လာပြီးမှ ပြန်ပြီးနုတ်ထွက်တယ်ဆိုတာ ဒီမှာမရှိဘူး။ အဲဒီ (မူ) အရပဲ ကျနော်သွားတာ"

တရားလွှတ်တော်ရှေ့နေ စောခူးတလေ (ခ) ပိုးရယ်ကလည်း အလားတူ သုံးသပ်ပါတယ်။

"ဒီကိုယ်စားလှယ် လေးပုံ တစ်ပုံ က နေပြီးတော့မှ ထောက်ခံလို့ရှိရင် ဒီစွပ်စွဲပြစ်တင်ချက်ကို ကော်မတီ ဖွဲ့ပြီးတော့မှ စုံစမ်းစစ်ဆေးရမယ်ဆိုတဲ့ဟာ။ ဥပဒေမှာကတော့ လက်မှတ်ထိုးပြီးလို့၊ စွပ်စွဲပြစ်တင်ပြီးလို့မှ ပြန်ပြီးတော့ နုတ်ထွက်ချင်တယ်ဆိုရင်တော့ အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ နုတ်ထွက်လို့ရတယ်၊ မရဘူးဆိုတာ ပြောထားတာ မရှိဘူးပေါ့နော်။ အဓိကတော့ လွှတ်တော်ကိုယ်စားလှယ် လေးပုံ တစ်ပုံကနေပြီးတော့မှ စွပ်စွဲပြစ်တင်လို့ရှိရင် ကော်မတီဖွဲ့ရမယ်၊ ဖွဲ့ပြီးတော့ ဘယ်နှရက်အတွင်း စစ်ဆေးပေးရမယ် ဆိုတာ လွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့မှ ကော်မတီ ဖွဲ့ပြီးတော့မှ သတ်မှတ်ပေးရမယ် ဆိုတဲ့ဟာပဲ ပါတာပေါ့။ ဒီစွပ်စွဲ ပြစ်တင်တဲ့လူတွေတော့ သူပြန်နုတ်ထွက်လို့ရတယ်၊ မရဘူးဆိုတာတော့ ဒီဥပဒေထဲမှာ ပြဋ္ဌာန်းထားတာ မရှိဘူးပေါ့"


စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ စွပ်စွဲပြစ်တင်သူ သုံးဦး ပြန်ပါနေတဲ့အပေါ် ဦးအယ်လ်ဖောင်းရှိုက ကန့်ကွက်ခဲ့သလို စစ်ဆေးမှုမှာလည်း ပူးပေါင်းပါဝင်ခြင်း မရှိခဲ့ပါဘူး။

တရားလွှတ်တော်ရှေ့နေ စောခူးတလေ (ခ) ပိုးရယ်က စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဘယ်သူတွေနဲ့ ဖွဲ့စည်းရမယ်လို့ ဥပဒေမှာ သတ်မှတ်မထားဘူးလို့  ပြောပါတယ်။

"ဘယ်သူ၊ ဘယ်ဟာနဲ့ ဖွဲ့စည်းရမယ်ဆိုတဲ့ဟာက အဓိကတော့ လွှတ်တော်အမတ်တွေဖြစ်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ဖို့လိုတာပေါ့နော်။"


ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက လွှတ်တော်ရဲ့ လုပ်ဆောင်ချက်ဟာ ဥပဒေနဲ့ညီတယ်လို့ သုံးသပ်ပါတယ်။

“ကယားပြည်နယ်လွှတ်တော်ရဲ့ ဆောင်ရွက်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ မြင်ပါတယ်။ အဲဒီဥပဒေမှာ အားနည်းချက်တွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ အဲဒါကို ပြန်သုံးသပ်ပြီးတော့ ပြည်ထောင်စု လွှတ်တော်အနေနဲ့ ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ အာဏာရပါတီ အနေနဲ့ ဒီဆောင်ရွက်ဟာ ဥပဒေနဲ့ မညီဘူးဆိုရင် အဲဒီအခြေအနေကို ဥပဒေနဲ့အညီ တင်ပြပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့မြင်တယ်”

ဒီကိစ္စမှာ တွေ့ရှိချက်တွေအရ အဂတိလိုက်စားမှုနဲ့ ငြိစွန်းရင်လည်း ကျောသားရင်သား မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ် တာဝန်ယူထားစဉ်ကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားသင့်တယ်လို့ ယူဆသူတချို့လည်း ရှိပါတယ်။

သူ့ကို စွပ်စွဲပြစ်တင်တဲ့ အမတ်တွေကတော့ ဒီလို တိုင်ကြားရေးနဲ့ ပတ်သက်ပြီး  မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

ကော်မရှင် ပြောခွင့်ရသူ ဦးကျော်စိုးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဦးအယ်လ်ဖောင်းရှို နဲ့ ပတ်သက်လို့ တိုင်ကြားမှု ရှိ၊ မရှိဆိုတာ ကာယကံရှင်ကို ပြောပြနိုင်ပေမယ့် ကျန်တဲ့ဘယ်သူ့ကိုမှ ထုတ်ဖော်ပြောကြားလို့ မရကြောင်း RFA ကို ဖြေကြားပါတယ်။

ဦးအယ်လ်ဖောင်းရှိုကို ဖြုတ်ချတဲ့ လုပ်ငန်းစဉ် ဆိုင်ရာ အငြင်းပွားမှုကို အခြေခံဥပဒေခုံရုံးကပဲ ဖြေရှင်းနိုင်မယ်လို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က မနေ့က သတင်းထောက်တွေကို ဖြေကြားထားပါတယ်။

ဒါပေမဲ့ ခုံရုံးတက်ဖို့ မတက်ဖို့ ကိစ္စမှာတော့ပါတီက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ ဒီနေ့ စက်တင်ဘာ ၄ ရက်နေ့မှာ ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ပထမဆုံးအကြိမ် သင်ခန်းစာဖြစ်လို့ ဒီလိုဖြစ်စဉ် နောင်မှာ မဖြစ်အောင်လုပ်ဖို့လိုတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ပြောပါတယ်။

“သမ္မတကြီးက တင်ခွင့်ရှိတယ်ဆိုရင် ဒါကပြည်ထောင်စုအစိုးရအပိုင်း ဖြစ်သွားပြီ၊ ကျွန်တော်တို့က ပါတီပိုင်းဆိုတော့ အစိုးရရဲ့ဆောင်ရွက်ချက်တွေမှာ ဝင်မစွက်ဖက်ပါဘူး။ ပါတီက နောင်မှာ NLD လွှတ်တော်၊ NLD အစိုးရဖြစ်လာရင် ဒီလို စွပ်စွဲပြစ်တင်တာတွေ မဖြစ်ရအောင် လုပ်ဖို့လိုလာပြီ၊ ဒီလိုသာ ခဏခဏ ဖြစ်လာရင် လွှတ်တော်ရဲ့လုပ်ငန်း၊ အစိုးရရဲ့လုပ်ငန်း အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး၊ ပြည်သူ့အကျိုးကိုပြိုင်ရမဲ့နေရာမှာ ပုဂ္ဂိုလ်ရေးပြိုင်တော့ ပြည်သူနစ်နာတာပေါ့”

ဆုံးဖြတ်ချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိရင် အခြေခံဥပဒေခုံရုံးရဲ့ သဘောထားရယူရမဲ့ ကိစ္စတွေကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့က တိုက်ရိုက် တင်သွင်းခွင့်ရှိတယ်လို့ အခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ဟာ အခြေခံဥပဒေပါ  ပြဋ္ဌာန်းချက်တွေကိုဖောက်ဖျက်တယ်၊ စက်ယန္တရား ငှားရမ်းခအတွက် ရရှိတဲ့ငွေတွေကို ပြည်သူ့ဘဏ္ဍာငွေထဲ မထည့်သွင်းတဲ့ကိစ္စနဲ့ အများပြည်သူပိုင် ပြည်နယ်နေ့အထိမ်းအမှတ်ကွင်းကို ကုမ္ပဏီဆီဌားရမ်းတဲ့ကိစ္စမှာ ပွင့်လင်းမြင်သားမှုမရှိဘဲ ကျပ်သိန်းပေါင်း လေးထောင်နီးပါး ကွာဟနေတယ်လို့ စွပ်စွဲပြစ်တင်ခံခဲ့ရတာဖြစ်ပါတယ်။

လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတက ဥပဒေနဲ့အညီ လေးစားလိုက်နာပြီး ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ NLD က ကြေညာထားပါတယ်။

ဦးအယ်လ်ဖောင်းရှိုကလည်း သူ့ကိုဖယ်ရှားဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာဟာ အင်အားရှိသူတွေက မတရားဆောင်ရွက်ခဲ့တာဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်လည်းဖြစ်တယ်လို့ RFA ကို ပြောထားပါတယ်။

ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် ၂  လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ကျန်တဲ့ လွှတ်တော်သက်တမ်းမှာ ဆက်ရှိနေမှာဖြစ်သလို လာမယ့် ရွေးကောက်ပွဲမှာလည်း သူအနိုင်ရခဲ့ဖူးတဲ့ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ယာယီဝန်ကြီးချုပ်အဖြစ် သမ္မတက ရွေးချယ်ခန့်အပ်ထားသူကတော့ စိုက်ပျိုးရေးဝန်ကြီး ဦးဘော့စ်ကို ဖြစ်ပါတယ်။

ဦးဘော့စ်ကိုဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဇာတိမြို့ ဒီးမော့ဆိုရဲ့ မဲဆန္ဒနယ် အမှတ် ၂ ကနေ အနိုင်ရရှိခဲ့သူပါ။ အသက် ၄၆ နှစ်အရွယ် ကယန်းတိုင်းရင်းသား ဦးဘော့စ်ကိုဟာ ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာ လေးနှစ်ရှိပါပြီ။ ပြည်နယ်မြို့တော် လွိုင်ကော်မှာ အထက်တန်းကျောင်း တက်ရောက်ခဲ့တဲ့  ဦးဘော့စ်ကိုဟာ ဒေသတွင်း လူမှုရေး၊ တိုင်းရင်းသားအရေး လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကျေးရွာအုပ်စုကော်မရှင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တယ်လို့ ပြည်နယ်အစိုးရ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့