ကရင်ပြည်နယ် မဘသအဖွဲ့ အမည်မပြောင်းလဲဘဲ ဆက်လက်အသုံးပြုမည်
2017.06.13
မဘသ (ဗဟို)ရဲ့ အဖွဲ့ဝင်တွေကို အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာရှိတဲ့ အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်မှာ မေလ ၂၇ ရက်နေ့ ကျင်းပစဉ်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကို ဖျက်သိမ်းဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃမဟာ နာယကအဖွဲ့က ညွှန်ကြားထားပေမယ့် မဘသအဖွဲ့ဟာ ဥပဒေနဲ့ ညီတဲ့အတွက် ကရင်ပြည်နယ် မဘသ အဖွဲ့က မူလနာမည်အတိုင်း ဆက်လက်အသုံးပြုသွားမယ်လို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မဘသ ဗဟိုကတော့ ပြည်နယ်နဲ့တိုင်းအဖွဲ့တွေကို ပြောင်းလဲဖို့ညွန်ကြားထားပေမယ့် မဘသ အဖွဲ့ဟာ ဥပဒေနဲ့ ညီညွှတ်တဲ့အတွက် ဆက်သွားဖို့ ဆုံးဖြတ်တာလို့ ကရင်ပြည်နယ် မဘသအဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါးက မိန့်ပါတယ်။
"မဘသ ဗဟိုကတော့ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို) လို့ ပြောင်းသွားတဲ့အခါမှာ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေကို ပြောင်းဖို့ ညွှန်ကြားထားတာပဲ။ သို့သော် ဦးဇင်းတို့ကတော့ ဗဟိုက ဥပဒေနဲ့ ညှိနှိုင်းတဲ့အခါ ဥပဒေနဲ့ ညီညွှတ်တယ်ဆိုတာတွေ့ရတော့ ကရင်ပြည်နယ်မဘသရဲ့ သဘောထားဆန္ဒအတိုင်း ဒါပေမဲ့ ဗဟိုရဲ့ သြဝါဒ လမ်းညွှန်ချက်အတိုင်းလိုက်နာမယ် ဒါပေမဲ့ နာမည်ကတော့ မဘသကို မပြောင်းဘူး အဲ့လိုပြောတာဖြစ်ပါတယ်။ ဒါ ကရင်ပြည်နယ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်"
မဘသအဖွဲ့ဟာ သံဃာအဖွဲ့အစည်းနဲ့ ဆန့်ကျင်ငြိစွန်းခြင်းမရှိသလို၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ပြည်ထောင်စု ဥပဒေတွေနဲ့လည်း ညီညွှတ်မှုရှိတဲ့အတွက် မဘသ အမည်ကို ဆက်လက်အသုံးပြုသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာပါရှိပါတယ်။
ကရင်ပြည်နယ် မဘသအဖွဲ့က မဘသအမည်ပြောင်းအဖွဲ့ဖြစ်တဲ့ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း(ဗဟို) ရဲ့ လမ်းညွှန်ချက်အတိုင်းဆောင်ရွက်သွားမှာဖြစ်သလို အခြားသော အမျိုးသားရေးအင်အားစုတွေနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။









