ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြပြီး အလုပ်ရှင်တွေ စက်ရုံပိတ်သိမ်းတာတွေလုပ်နေ

အောင်သိင်္ခ
2020.03.30

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာကို အကြောင်းပြပြီး စက်ရုံတွေဘက်က ပိတ်သိမ်းတာတွေ လုပ်သားလျှော့ချတာတွေ လုပ်ဆောင်တဲ့အတွက် စက်ရုံ လုပ်သား နှစ်သောင်းကျော်လောက် အလုပ်လက်မဲ့ဖြစ်လာနေပါပြီ။ လုပ်ငန်းရှင် ထွက်ပြေးသွားတဲ့အတွက် အလုပ်သမားတွေအနေနဲ့ တောင်းဆိုမှုတွေ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းက အထည်ချုပ်စက်ရုံတွေ အပါအဝင် ဖိနပ်စက်ရုံ၊ အိတ်စက်ရုံနဲ့ စက္ကူစက်ရုံတွေ ပိတ်သိမ်းတာ၊ လုပ်သားလျှော့ချတာတွေ ရှိလာတဲ့အတွက် စက်ရုံ လုပ်သား နှစ်သောင်းကျော်လောက် အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်နေရပါပြီ။

မနေ့ကညပိုင်းမှာ စက်ရုံလုပ်ငန်းရှင်ထွက်ပြေးဖို့ လုပ်တဲ့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်မင်းသားကြီး လမ်းပေါ်က KGG အထည်ချုပ်စက်ရုံ အလုပ်သမားတွေစုဝေးပြီး တားဆီးတာတွေ လုပ်ဆောင်ခဲ့ရတယ်လို့ KGG စက်ရုံက မအိသန္တာအေးက ပြောပါတယ်။

“အထုပ်အပိုးတွေ ပြင်ဆင်ပြီးတော့ ချုပ်လက်စအထည်တွေကိုလည်း ထုပ်ပိုးပြီးတော့ Buyer လာမယ်ဆိုပြီးတော့ သူတို့အထုပ်တွေကို ထုပ်ပြီးတော့ ထွက်ပြေးဖို့ လုပ်ပါတယ်”

လက်ရှိအရှေ့ဒဂုံမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ရှိတဲ့စက်ရုံတွေ ထပ်ပိတ်ဖို့ရှိနေတဲ့အတွက် အလုပ်သမား တစ်သောင်းနီးပါးလောက် အလုပ်လက်မဲ့ ထပ်ရှိလာနိုင်တယ်လို့ ပြည်သူ့ပါတီက အလုပ်သမားအရေး တာဝန်ခံ ကိုမြတ်ကျော်က ပြောပါတယ်။

“လုပ်သားက ကိုးထောင်ကျော်လောက်ရှိလာတယ်လေ၊ ကျန်တဲ့အလုပ်သမားတွေကိုတော့ တစ်လစာပေါ့ ပေးပြီးတော့ အလုပ်သမားတွေကို နားခိုင်းတယ်၊ ရက်ပြည့်သွားရင် ပြန်ဖွင့်မယ့် ပုံစံတော့ရှိတယ်၊ ဒီရက်ပိုင်းမှာ စက်ရုံ သုံးရုံ အလုပ်သမားလျှော့ချမှုဖြစ်တယ်၊ ဒီငါးရက်အတွင်းမှာ လုပ်သားပေါင်း ငါးထောင်နဲ့ တစ်သောင်း ကြားမှာတော့ အလုပ်လက်မဲ့ဖြစ်သွားတယ်၊ ဒါကိုအစိုးရအနေနဲ့ မူဝါဒတစ်ရပ် ချမှတ်ပြီးတော့ လုပ်ဖို့လိုတယ် လို့ ကျနော်တို့ တောက်လျှောက်တိုက်တွန်းနေတယ်”

အလုပ်ရှင်၊အလုပ်သမားနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ အရှေ့ဒဂုံ၊ တောင်ဒဂုံမြို့နယ်တွေက စက်ရုံတွေ ပိတ်သိမ်းတာတွေ၊ လုပ်ငန်းရှင် ထွက်ပြေးတာတွေအပြင် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားတဲ့အတွက် ကုန်ကြမ်းမပို့နိုင်ဖြစ်ပြီး ကုန်ကြမ်းပြတ်လပ်တဲ့အတွက် စက်ရုံပိတ်တာတွေလည်း ရှိနေပါတယ်။

Myanmar Royal Apolo စက်ရုံနဲ့ Su Xaig စက်ရုံတွေက ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတည်းက စက်ရုံပိတ်ပြီး ထွက်ပြေးသွားတဲ့အတွက် စက်ရုံပိုင်ပစ္စည်းတွေကို ရောင်းချပြီး လုပ်အားခပေးဖို့ ဒီနေ့ တိုင်းဒေသကြီး အစိုးရရုံးရှေ့ထိ လာရောက်တောင်းဆိုတဲ့ စက်ရုံအလုပ်သမားတွေလည်း ရှိနေပါတယ်။

အတိုင်းစိုးရအဖွဲ့နဲ့ တွေ့ခွင့်ရဖို့ အလုပ်သမားတွေဟာ တိုင်းအစိုးရအဖွဲ့ရုံးရှေ့ ဒီနေ့သွားချိန်မှာ သက်ဆိုင်ရာ ဝန်ကြီးက ဖြေရှင်းပေးမယ်ဆိုပေမယ့် အချိန်ကာလအတိအကျကို ပြောသွားတာ မရှိဘူးလို့ Myanmar Royal Apolo စက်ရုံက မအေးပွင့်ဖြိုးက ပြောပါတယ်။

“သူက ဘာပြောသွားလဲဆိုတော့ အချိန်တန်ရင် ဒီပစ္စည်းတွေကို ထုခွဲရောင်းချပြီးတော့ ပေးမယ်ပေါ့၊ အဲဒီအချိန် အချိန်အကန့်အသတ် မပေးသွားဘူး၊ ဘယ်လောက်ကြာမလဲဆိုတာ သူတို့ဘက်က အာမမခံနိုင်ဘူးပေါ့၊ အလုပ်ရှင်ကို အရေးယူပေးမယ်၊ ကျမတို့ရဲ့စားဝတ်နေရေး အကုန်တင်ပြတယ်ပေါ့နော်၊ အဲဒါကတော့ ညီမတို့ သမိုင်းတဲ့ အစ်မဘက်ကလုပ်ပေးနိုင်တာ ဒါပဲလုပ်ပေးနိုင်တယ်၊ အဲဒီလိုမျိုးပဲ ပြောသွားတယ်၊ လက်ရှိညီမ တို့ကတော့ သူတို့ဘက် အခြေအနေအရဆိုရင် ဒီရှေ့မှာပဲ ဆက်လက်ပြီးတော့ နေသွားပါမယ်”

အလုပ်သမားတွေအနေနဲ့ စက်ရုံပိတ်တဲ့ နှစ်လတာကာလမှာ အလုပ်သမားသမဂ္ဂတွေရဲ့ ထောက်ပံ့မှုတွေနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရပြီး အလုပ်သမားတွေအနေနဲ့ ကိုရိုနာဖြစ်ပြီးသေတာထက် လောလောဆယ်မှာ ငတ်ပြီးသေနိုင်တယ်လို့ မအေးပွင့်ဖြိုးက ပြောပါတယ်။

စက်ရုံ နှစ်ရုံပေါင်း လုပ်သား တစ်ထောင်နီးပါးရှိပါတယ်။ လုပ်ငန်းရှင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်သိမ်းတာ မဟုတ်ဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မမျိုးမျိုးအေးက ပြောပါတယ်။

“သူကတော့ ဗိုင်းရပ်စ်ကြောင့်ထက် အစတည်းကိုက လိမ်ဖို့ရည်ရွယ်ချက်နဲ့ လာတာလား မသိဘူး၊ Myanmar Royal Apolo မှာဆိုလို့ရှိရင်တော့ အစတည်းကကို ချုပ်ခတာကိုယူတယ်၊ ယူပြီးတော့ သူ့ဟာသူ သုံးထား တယ်ပေါ့၊ တခြားမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ရွှေ့သွားတယ်၊ ကုမ္ပဏီသက်တမ်းတိုးတာတွေ မတိုးဘူး၊ သူလုပ်ရမယ့် အလုပ်တွေ အားလုံးက ၂၀၁၉ ဒီဇင်ဘာမှာ ရပ်သွားတယ်၊ အဲဒါကို သက်တမ်းမတိုးဘဲနဲ့ အဲဒီငွေတွေအားလုံးကို ဘုန်းပြီးတော့ စုပြီးတော့ ထွက်ပြေးသွားတာ၊ ကလိမ်ကကျစ် လုပ်သွားတာပေါ့၊ အဲဒါကတော့ ဗိုင်းရပ်စ်နဲ့ မဆိုင်ဘူးလို့ ကျမထင်တာပဲ၊ ဗိုင်းရပ်စ်နဲ့ဆိုလို့ရှိရင် အကုန်လုံးရင်ဆိုင်ပြီးတော့ လုပ်နေကြတာပဲလေ”

အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပေါ်နေတာတွေ၊ စက်ရုံ ပိတ်သိမ်းတာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည် RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးအရ အထိနာမှုတွေ တစ်နေ့တစ်ခြား သိသာလာနေပါပြီ။ အထည်ချုပ်လုပ်ငန်းတင်မက နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ရေထွက်ကုန် ပစ္စည်းတင်ပို့မှုနဲ့ တရုတ် - မြန်မာ ဆက်စပ်ပြီး လုပ်ကိုင်နေတဲ့ အခြားစီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်နစ်နာမှုတွေ ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။