လက်နက်စွန့်စရာမလို ဘဲ ဆွေးနွေးပွဲ တက်ရောက်နိုင်ပြီလို့ ဦးခင်ဇော်ဦး ပြောကြား


2016.08.04
khinzawoo-620.jpg ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ကို သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ရစဉ်
Photo:Thiha Tun/RFA

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပါဝင်နိုင်ဘဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ အနေနဲ့ လက်နက်စွန့်စရာမလိုဘဲ ဆွေးနွေးပွဲတက်ရောက်နိုင်ပြီလို့ မြန်မာ့တပ်မတော် ကိုယ်စားပြု ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်သူတစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အဖွဲ့နဲ့ ရခိုင်တပ်မတော် (AA) တပ်ဖွဲ့သုံးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် လက်နက်ကို အရင်စွန့်ဖို့လိုတယ်လို့ မြန်မာ့တပ်မတော်က တောင်းဆိုထားပါတယ်။ ဒါပေမယ့် အခုအခါ အဲ့ဒီအဖွဲ့သုံးဖွဲ့ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတယ်ဆိုတာ ပြသခဲ့ကြတဲ့အတွက် လက်နက်အရင်စွန့်ဖို့ တောင်းဆိုချက် ကို ဖြေလျှော့ပေးလိုက်တာဖြစ်ကြောင်း ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောဆိုပါတယ်။

အရင်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လိုတယ်ဆိုရင် လက်နက်ကိုအရင်စွန့်ကြဖို့ တပ်မတော်ဘက်က အတိအလင်းတောင်းဆိုခဲ့ရာမှာ၊ အဲ့ဒီအဖွဲ့တွေဘက်ကလည်း ဒီတောင်းဆိုချက်ကို လက်ခံဖို့ခက်ခဲနေကြောင်း၊ အခုတော့ အဲ့ဒီအဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရ လက်နက်စွန့်လိုတဲ့ဆန္ဒရှိကြောင်း ကြေညာချက်ထုတ်ပြန်တာမျိုး တပ်မတော်ဘက်က ဖြစ်စေချင်ကြောင်း၊ ဒါဟာ လက်နက်ချတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘဲ၊ သူတို့ရဲ့ ငြိမ်းချမ်းရေးစိတ်ဆန္ဒကို ပြသဖို့သာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ အားလုံးပါဝင်စေချင်တဲ့အတွက် မူလအခြေအနေကို ဖြေလျှော့ပေးတာဖြစ်ပြီး၊ ဒီတောင်းဆိုချက်အပေါ် သူတို့ဘက်က အခက်အခဲတွေနဲ့ ပတ်သက်ပြီး ပြေလည်အောင် ကူညီပေးဖို့ သဘောတူကြောင်းလည်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်တို့ဟာ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်လိုတဲ့ ရည်မှန်းချက်ရှိကြတယ်လို့လည်း ပြောပါတယ်။

ဦးခင်ဇော်ဦးနဲ့ အဖွဲ့ဝင်နှစ်ဦးဟာ အဲ့ဒီအဖွဲ့သုံးဖွဲ့နဲ့ မကြာခင်တွေ့ဆုံမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။