ကချင်ပြည်နယ် မိုးမောက်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေ

2021-04-11
Share
ကချင်ပြည်နယ် မိုးမောက်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေ ကချင်တပ်မတော် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက နော့ကုန်းရွာနဲ့ မခွယ်ရွာကြားမှာ ကချင်တပ်မတော် KIA နဲ့ စစ်ကောင်စီတပ်အကြား ဧပြီလ ၁၀ ရက် မနေ့ညကစပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာဒေသမှာရှိတဲ့ မခွယ်ရွာခံတစ်ဦးက လက်နက်ကြီး ပစ်ခတ်သံတွေကိုပါ ဆက်တိုက် ကြားနေရတယ်လို့ RFA ကို ပြောပါတယ်။

“လက်နက်ကြီးအသံတွေ ဆူညံနေတာ။ အိမ်တွေတောင် တုန်တယ်။ မနေ့ညကတည်းကနေ ပစ်ခတ်နေ တာ။ မနက်ပိုင်း ခဏရပ်သွားပြီး အခု ပြန်ပစ်နေကြတယ်”

အမည်မဖော်လိုတဲ့ ကချင်တပ်မတော် KIA အရာရှိတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားနေတာ မှန်ကန်ကြောင်း RFA ကို အတည်ပြုပါတယ်။

နော့ကုန်းရွာနဲ့ မခွယ်ရွာ ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ် (၃၇၀) နဲ့ ကချင်တပ်မတော် KIA တို့ အပြန်အလှန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။

ကချင်တပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲငယ်တွေ နေရာအနှံ့အပြားမှာဖြစ်နေပြီး လိုင်ဇာအနီး အလော့ဘုံဘက်မှာလည်း နယ်ကျွံ လာတဲ့ စစ်ကောင်စီရဲ့ တပ်သားတွေကို ထိုးစစ်ဆင်နေတာမျိုးရှိတယ်လို့ ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ပွားရာနေရာဟာ ရှမ်းလူမျိုးစု အများစုနေထိုင်တဲ့ ကျေးရွာပေါင်း (၂၀) ဝန်းကျင်ရှိတဲ့ နေရာ ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ရွာသူ၊ ရွာသား ထောင်နဲ့ချီ လုံခြုံရာ ဘာသာရေးကျောင်းတွေမှာ ခိုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့