တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲပြန်ဖြစ်နိုင်ကြောင်း ပြော


2018.03.04
kia-622.jpeg ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: AFP

ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေအတွင်း အစိုးရ တပ်မတော်စစ်ကြောင်းတွေ ပြန်ရုပ်သိမ်းတာမရှိတဲ့အတွက် ညှိနှိုင်းမှုတွေ ဆက်ရှိမှာမဟုတ်ဘဲ တိုက်ပွဲတွေပြန်လည် ဖြစ်ပွားနိုင်တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ဒီနေ့ ပြောပါတယ်။

ကေအိုင်အေ တပ်ရင်း ၁၄ နဲ့ တပ်မဟာ(၁) ဒေသတွေမှာ အစိုးရတပ်မတော်ရဲ့ စစ်ကြောင်းတွေ ရှိနေဆဲဖြစ်တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

"တပ်မတော်ဘက်က ထိုးထားတဲ့ စစ်ကြောင်းတွေကတော့ ပြန်ရုပ်တာ မရှိတဲ့အခါမှာကြတော့ အခြေအနေတွေကတော့ ပြန်ဖြစ်နိုင်တဲ့ အခြေအနေတော့ရှိပါတယ်။ ကေအိုင်အေတပ်ရင်း ၁၄ နယ်မြေ ဘက်မှာလည်း တပ်မတော်စစ်ကြောင်းတွေကတော့ နဂိုအတိုင်းပဲ ရှိနေတုန်းဖြစ်ပါတယ်။ တပ်မဟာ (၁) ဆွမ်ပရာဘွမ်၊ ပူတာအိုလမ်းမှာလည်း တပ်မတော်ဘက်က ထိုးထားတဲ့ စစ်ကြောင်းတွေ အကုန် လုံး တောထဲတောင်ထဲမှာပဲ ရှိပါသေးတယ်။ ဆက်ထိုးနေသေးရင် ကျနော်တို့လည်း ဘာမှညှိနှိုင်းစရာ မလိုပါဘူး။ ကျနော်တို့ အနှောင့်အယှက်ကတော့ပေးမှာဖြစ်ပါတယ်"

လတ်တလောမှာ ကေအိုင်အေနဲ့ အစိုးရကြား တိုက်ပွဲတွေ ဖြစ်တာမျိုးမရှိပေမယ့် ဆွမ်ပရာဘွမ်၊ ပူတာအိုနဲ့  တနိုင်းဒေသတွေမှာ တပ်မတော် စစ်ကြောင်းတွေရှိနေတာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

အစိုးရ တပ်မတော်ဘက်က စစ်ဆင်ရေးတွေ မလုပ်နိုင်အောင် ကေအိုင်အေက ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်း မှာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က တံတားအချို့ကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီလမ်း တံတားတွေ ပျက်ဆီးမှုကြောင့် ပူတာအိုမှာ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပါတယ်။ အဲဒီလမ်း တံတားတွေကို ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်နယ်အစိုးရက တပ်မတော်လေယာဉ်နဲ့ ပူတာအိုဘက်ကို စားနပ်ရိက္ခာတွေ ပို့ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တာလီမြို့မှာ ကေအိုင်အေနဲ့ အစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြစဉ်မှာ တနိုင်းမြို့နယ်မှာရှိတဲ့ ကေအိုင်အေတပ်ရင်း ၁၄ ဌာနချုပ် အပါအဝင် တပ်စခန်းတွေကို ဖယ်ရှားပေးဖို့ အစိုးရတပ်မတော်ဘက်က ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲပြီးတဲ့နောက် ကချင်ပြည်နယ်မှာ အစိုးရတပ်တွေသာမကဘဲ အခြားပြည်နယ်တွေက တပ်ရင်းတွေပါ ကေအိုင်အေတပ်ရင်း ၁၄ ဒေသဘက်ကို ဝင်ရောက်မှုတွေရှိလာတယ်လို့ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။