တနိုင်းမှာ တိုက်ပွဲဖြစ်၊ ရွာထဲ လက်နက်ကြီးကျ

2018-04-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: AFP

ကချင်ပြည်နယ် တနိုင်းမြို့နယ် လမုန်ကျေးရွာမှာ ဒီကနေ့ မနက် အစောပိုင်းလောက်က ပြည်သူ့စစ်အဖွဲ့၊ အစိုးရ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။

လမုန်ကျေးရွာက ပြည်သူ့စစ်စခန်းကို KIA က လာရောက်တိုက်ခိုက်ရင်းနဲ့ အစိုးရတပ်မတော်နဲ့ ဆက်ပြီး တိုက်ပွဲ ဖြစ်တာလို့ လမုန်ကျေးရွာခံတစ်ဦးက ပြောပါတယ်။

"တိုက်ပွဲအခြေအနေကတော့ KIA က ပြည်သူ့စစ်ကို လာတိုက်တာပါ။ KIA တွေလာပြီးတော့မှ တစ်ရာလောက် ရှိမယ်ထင်တယ် ဝိုင်းပြီးတော့မှ ပစ်ကြတာ။ ပြည်သူ့စစ်စခန်းမှာတော့ ပြည်သူ့စစ်တွေက ၆ ယောက်လောက်ပဲ ရှိတယ်။ ၁၈ နှစ်အရွယ်လေး သုံးယောက်လောက်ပါလို့ ၃ ယောက်ကပဲ ခံပစ်နေရတယ်"

မနက် ၂ နာရီခွဲလောက်ကစပြီး KIA အင်အားတစ်ရာလောက်က လမုန်ရွာထိပ်က ပြည်သူ့စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး မနက် ၄ နာရီလောက်မှာ တပ်မတော်ဘက်က ရောက်လာပြီး နာရီဝက်လောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး KIA ဖက်က လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်ခဲ့ တာကြောင့် လမုန်ရွာထဲက အလယ်တန်းကျောင်းကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တပ်မတော်က ရွာလုံခြုံရေး ယူထားပြီး နောက်ထပ်တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကလည်း ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာက တပ်မတော်စစ်စခန်း တစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တပ်မတော်ဖက်က ဗိုလ်မှူး တစ်ဦးအပါအဝင် ၆ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။

KIA က ဟူးကောင်းခရိုင်အတွင်းမှာ လာမယ့် ဧပြီလ ၁၀ ရက်နေ့ကစတင်ပြီး ပျောက်ကျားစစ်ဆင်ရေးနဲ့ မိုင်း စစ်ဆင်ရေး ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် အဲဒီဒေသအတွင်းမှာ ရွှေ နဲ့ ပယင်း တူးဖော်လုပ်ကိုင်နေကြသူတွေ ထွက်ခွာသွားကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့