ဘုရားသုံးဆူမြို့မှာ လူ ၅ ဦး ပြန်ပေးဆွဲ ခံရ

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ မနေ့ညက လက်နက်ကိုင်လူ (၆) ဦးက ရပ်ကွက်အတွင်း ဝင်ရောက်လာပြီး လူ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတဲ့အတွက် မြို့သူမြို့သားတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။

2012.05.09

M 22 တလက်၊ M 16 လေးလက် မောင်းပြန်တွေ ကိုင်ဆောင်ထားတဲ့ ပျောက်ကြား စစ်ဝတ်စုံဝတ်၊ ဦးထုပ်ဆောင်းထားတဲ့ လူတစုက ဘုရားသုံးဆူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ငုဝါလမ်းသွယ် (၁၀) နဲ့ (၁၁) ကြားကို ညပိုင်း ၈ နာရီခွဲလောက်မှာ ရုတ်တရက် ဝင်ရောက်လာပြီး ကိုသက်ဦး၊ ကိုဝေယံ၊ ကိုဘိုဘို၊ ကိုမောင်နဲနဲ့ မသီတာတို့ (၅) ဦးကို လက်ပြန်ကြိုးတုတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

သေနတ်သမားတွေက တွေ့တဲ့လူကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဖမ်းခံရသူတွေထဲမှာ လက်ကိုင်ဖုန်းရှိသူ ပါသွားတဲ့အတွက် သူတို့ဆွေမျိုးတွေကို ဖုန်းဆက်သွယ်ပြီး လက်နက်ကိုင် ပြန်ပေးသမားတွေက ထိုင်းဘတ်ငွေ (၅) သိန်းနဲ့ ပြန်ရွေးရမယ်လို့ ပြောကြောင်း အဖမ်းခံရသူတဦးနဲ့ ဆွေမျိုးတော်စပ်သူ တဦးက ပြောပါတယ်။

“အခု ဒီပြန်ပေးက ရပ်ကွက်မှာ နေတဲ့သူတွေကို တွေ့ရင်တွေ့တဲ့သူကို ဆွဲခေါ်သွားတယ် ဆိုတော့လေ၊ မရှိဆင်းရဲသားတွေသက်သက် ဖြစ်နေတယ်ခင်ဗျ။ တနေ့လုပ်မှ တနေ့စားရတဲ့ အလုပ်သမားတွေလည်း ပါတယ်။ မချမ်းသာလို့ဘဲ အခန်းကျဉ်းကျဉ်းလေးထဲမှာ ဌားနေရတဲ့ မိသားစုတွေထဲကလည်း ပါသွားတာတွေ ရှိတယ်ခင်ဗျ။ မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်။ တညလုံးပေါ့နော်။ ကျွန်တော်တို့ ဖုန်းနဲ့ စကားပြောလို့ ရလို့ သိရသမျှလောက်က တညလုံးလည်း ဘာမှမစားရဘူး။ နောက်ပြီးတော့ လမ်းချည်းပဲတောက်လျှောက် လျှောက်နေရတယ်တဲ့ခင်ဗျ။ မနက်ကတော့ ဟိုကနေပြီးတော့ ဘာပြောလဲဆိုတော့ ဘယ်ကိုရောက်နေမှန်းတော့ မသိဘူး။ ဒါပေမယ့် တောထဲတောင်ထဲမှာပဲ တဦးလျှင် ဘတ်(၅)သိန်းလို့ ပြောတယ်"

ဘုရားသုံးဆူ အုပ်ချုပ်ရေးပိုင်း အာဏာပိုင်တဦးကတော့ ဓားစာခံတွေရဲ့ လုံခြုံမှုကို စိုးရိမ်လို့ ဒီကိစ္စကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

ဘုရားသုံးဆူမှာ အခုလို ပြန်ပေးဆွဲတာ ဒီနှစ်ထဲမှာ (၂) ကြိမ် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ကလည်း အခုလို လက်နက်ကိုင် ပြန်ပေးသမားတွေက သမီးရည်းစားအတွဲ နှစ်တွဲနဲ့ ကိုသိန်းဆိုသူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွှေတကျပ်သားနဲ့ ဘတ်ငွေ ၁ သောင်း တောင်းဆိုခဲ့ကြောင်း၊ အခုတခေါက်မှာတော့ တဦးကို ဘတ်ငွေ (၅) သိန်း တောင်းတဲ့အတွက် လူတွေစိုးရိမ်ထိတ်လန့်ပြီး အလုပ်အကိုင်တောင် မသွားရဲအောင် ဖြစ်နေကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-09 15:36

Mr. President. How is it going on in Myanmar. You have many responsible for our people, because you are our President now. How our Arm forced will help them, let us see, if not you are not for people, you are just for your people.