ကေအိုင်အို ဗဟိုအစည်းအဝေး မပြီးသေးတဲ့အတွက် အစိုးရနဲ့ မတွေ့ဆုံနိုင်

အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ပြီးခဲ့တဲ့လ အောက်တိုဘာ ၃ဝ ရက် တုန်းက တရုတ်နိုင်ငံ ရွှေလီမြို့တွေ့ဆုံပွဲမှာ သဘောတူခဲ့ရာမှာ ကေအိုင်အို ဗဟိုကော်မတီအဖွဲ့အတွင်း အရေးကြီးအစည်းအဝေး မပြီးပြတ်နိုင်သေးတာကြောင့်မို့ အခုလောလောဆယ် အခြေအနေမှာ အကြောင်းမပြန်နိုင်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

2012.11.25
tnla-kia-joint-battle-kachinmedia-b305 ရှမ်းပြည်မြောက်ပိုင်းတွင် ကေအိုင်အို-ပလောင် လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်များနှင့် မြန်မာ အစိုးရတပ်အကြား ၂၀၁၂ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကပုံ ဖြစ်ပါသည်။
Photo courtesy of Kachin Media

အစိုးရနဲ့ အခုတကြိမ်ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး၊ စစ်ရေးအပြင် ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စတွေပါ ဆွေးနွေးနိုင်ဖို့အတွက် အခုရက်ပိုင်းအတွင်း ကေအိုင်အို ဗဟိုကော်မတီအဖွဲ့အတွင်း အစည်းအဝေးကျင်းပဖို့ရှိရာ လက်စမသတ်နိုင်သေးတာကြောင့် အကြောင်းမပြန်နိုင်သေးတာဖြစ်တယ်လို့  ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (Peace-Talk Creation Group) က ဦးလမိုင်ဂွမ်ဂျာ က RFA ကို  ပြောပါတယ်။

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရရဲ့ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ကေအိုင်အိုတို့ အခုလအတွင်းတွေ့ဆုံဖို့ကိစ္စ ဒီကနေ့ ၂၅ ရက်နေ့အထိ အတိအကျပြောဆိုလို့ မရနိုင်သေးဘူးလို့လဲ  ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

အခုလ(နိုဝင်ဘာလ)အတွင်း တွေ့ဆုံမဲ့ကိစ္စကို  ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့က ပြီးခဲ့တဲ့ကြာသပတေးနေ့က  သမ္မတရုံးဝန်ကြီး ဦးအောင်မင်းထံ စုံစမ်းတဲ့အခါ ကေအိုင်အိုရဲ့ အကြောင်းကြားမဲ့ရက်ကို စောင့်နေတာလို့ ဖြေကြားခဲ့ပြီး မနေ့မနက်ပိုင်း ကေအိုင်အိုဘက်က အကြောင်းပြန်တာက အစည်းအဝေးကိစ္စ မပြီးပြတ်သေးတဲ့အတွက်ကြောင့်လို့သိရပါတယ်။

အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေအကြား စစ်ရေးပဋိပက္ခတွေဖြစ်ပေါ်နေတဲ့ တစ်နှစ်ကျော်ကာလအတွင်း အစိုးရနဲ့ ကေအိုင်အိုတို့ တွေ့ဆုံဆွေးနွေးနေကြတာဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်အပါအဝင် အလွတ်သဘော ၃ ကြိမ်နဲ့ တရားဝင် ၇ ကြိမ်တွေ့ဆုံခဲ့ကြပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။