ဝေါလေ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDO ပြော

2022.06.13
ဝေါလေ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNDO ပြော
Photo: Citizen Journalist

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ဝေါလေမြို့အဝင်က ရဲစခန်းကို ဇွန်လ ၁၃ ရက် ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့တယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) က RFA ကို ပြောပါတယ်။

KNDO နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်၊ စုစုပေါင်း သုံးယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စခန်းသိမ်းလိုက်ပြီ၊ အခြေအနေကောင်းတယ်။ စခန်းမှူးနဲ့ ရဲနှစ်ယောက် အရှင် ဖမ်းမိတယ်။ လက်နက်ငယ်တွေနဲ့ လက်နက်ကြီး ၆၀ မမ တစ်လက်ရတယ်"

တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် နှစ်ယောက် သေဆုံးခဲ့ပြီး KNDO နဲ့ ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာလာနိုင်တယ်လို့ သူက ဆိုပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

ရဲစခန်းတိုက်ခိုက်သိမ်းပိုက်မှုကို KNDO အထူးကွန်မန်ဒိုတပ်ရင်းက ဗိုလ်စလုံး ဦးဆောင်တဲ့ အဖွဲ့နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ KNDO က ပြောပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်စလုံးဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက KNDO ကို လာရောက်ပူးပေါင်းခဲ့ပြီးနောက် KNDO ရဲ့ အထူး ကွန်မန်ဒိုတပ်ရင်း (၁) အဖြစ် တာဝန်ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။