NCA ကြိုးပမ်းမှုကို ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အဟန့်အတားဖြစ်စေတယ်လို့ KNPP ပြော


2019.03.18
knpp-pc-622.jpg KNPP ခေါင်းဆောင်တွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိသူတွေ နေပြည်တော်က NRPC ရုံးမှာ ၂ဝ၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့က တွေ့ဆုံခဲ့စဉ်
photo: Nay Min Kha

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိတဲ့ ကိစ္စနဲ့ပတ်သက်လို့ NCA အပစ်ရပ် လက်မှတ်ရေး ထိုးနိုင်ရေး ကြိုးပမ်းမှုကို အဟန့်အတားဖြစ်စေတယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ပြောရေးဆို ခွင့်ရှိသူ နဲနယ်ပလိုးက ဒီနေ့ ပြောလိုက်ပါတယ်။

KNPP ခေါင်းဆောင်တွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC တာဝန်ရှိသူတွေနဲ့ ဒီနေ့ နေပြည်တော်က NRPC ရုံးမှာ တွေ့ဆုံခဲ့ကြပြီး KNPP ဘက်က နဲနယ်ပလိုးနဲ့ NRPC ဘက်က ဦးကျော်လင်းဦး တို့က သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားပေးခဲ့ပါတယ်။

NCA လက်မှတ်ထိုးဖို့အတွက် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စက အနှောင့်အယှက်ဖြစ်စေလားလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ရပ်တည်ချက်ကို မေးမြန်းရာမှာတော့ တဖက်နဲ့ တဖက် သမိုင်းကြောင်းတွေကို အသိအမှတ်ပြုပေးဖို့ လိုအပ်ကြောင်း၊ တဖက်ရဲ့ သမိုင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီး တဖက်တိုင်းရင်းသားတွေအပေါ် လွှမ်းမိုးတာ လက်မခံကြောင်း၊ ကရင်နီ ပြည်သူလူထုနဲ့အတူ KNPP က ရပ်တည်ကြောင်းလည်း နဲနယ်ပလိုးက ပြောပါတယ်။

NRPC ခေါင်းဆောင်တွေနဲ့ ဒီနေ့ တေ့ွဆုံရာမှာတော့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ထည့်သွင်းဆွေးနွေးတာ မရှိဘူးလို့ သိရပါတယ်။

ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို မြေပြင်မှာ အကောင်အထည်ဖော်တဲ့အခါ အခက်အခဲတွေ ရှိနေကြောင်းနဲ့ NRPC တာဝန်ရှိသူတွေနဲ့ ဒီနေ့ ဆွေးနွေးခဲ့တယ်လို့ KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက RFA ကို ပြောပါတယ်။

ပညာရေးကဏ္ဍမှာ နယ်ဝေးကနေ ကျောင်းတက်ရသူတွေ အဆင်ပြေအောင် KNPP ဘက်က အဆောင်ဆောက် လုပ်ဖို့ အဆိုပြုချက်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေဖွင့်ဖို့ အဆိုပြုချက်တွေကို ကယားပြည်နယ် အစိုးရဘက်က ခွင့်မပြုဘဲ ကန့်သတ်ထားတာကြောင့် နှစ်ဖက်သဘောတူစာချုပ်နဲ့ ကွဲလွဲနေကြောင်း ပြောပါတယ်။

နှစ်ဖက်သဘောတူစာချုပ်အရ အကောင်အထည်ဖော်မှုအပိုင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေရဲ့ အသေးစိတ်အချက်အလက်တွေကို စုစည်းပြီး နောက်တွေ့ဆုံပွဲတွေမှာ ဆွေးနွေးဖို့ရှိသလို ပြည်နယ်အဆင့် လစဉ်အစည်းအဝေးတွေမှာလည်း ဆွေးနွေးသွားဖို့ ဒီနေ့ သဘောတူညီမှုရခဲ့တယ်လို့လည်း နဲနယ်ပလိုး က ပြောပါတယ်။

မနက်ဖြန်မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နဲ့ KNPP ခေါင်းဆောင်တွေ တွေ့ဆုံသွားမှာဖြစ်ပါတယ်။

တပ်မတော်နဲ့ တေ့ွဆုံတဲ့အခါ တပ်မတော်ဘက်က လေးလကြာ အပစ်ရပ်ပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း တပ်စခန်းတွေ တိုးချဲ့လာတာ၊ တပ်အင်အားတွေ တိုးလာတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ရှိတယ်လို့ မတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အလွတ်သဘောတေ့ွဆုံစဉ်မှာ KNPP ဖက်က ပြောထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။