လူ ၂၅ ဦး အသတ်ခံရတဲ့ဖြစ်စဉ်ကို KNU စုံစမ်းစစ်ဆေး

2021-06-16
Share
လူ ၂၅ ဦး အသတ်ခံရတဲ့ဖြစ်စဉ်ကို KNU စုံစမ်းစစ်ဆေး ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
File Photo/Reuters

ကရင်ပြည်နယ် ဝေါလေမြို့ ကနဲလေးကျေးရွာအနီး လူ ၂၅ ဦး အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ ဇွန် ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီလူတွေကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တယ်လို့ မြန်မာစစ်တပ်က ထုတ်ပြန်ပြောဆိုထားတာပါ။

KNDO ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုတာကြောင့် KNU က စုံစမ်းစစ်ဆေးမယ်လို့ အခုလိုကြေညာတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ကနဲလေး- မော်ခီးသွားကားလမ်း၊ အူးဟူ ချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းက အလုပ်သမား ၄၇ ဦးကို မေ ၃၁ ရက်မှာ KNDO က ဖမ်းဆီးခဲ့တယ်လို့ ပြောထားပါတယ်။ အဲ့ဒီနောက်တစ်ရက်မှာ ၂၂ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ၂၅ ယောက်ကို KNDO က သတ်ပစ်လိုက်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲထားတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ KNDO ခေါင်းဆောင် စောနယ်ဒါးမြကို RFAက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

KNDO ခေါင်းဆောင် စောနယ်ဒါးမြရဲ့ ပြောရေးဆိုခွင့်ရှိသူ စောဝါနေနူးကတော့ သူတို့ဖမ်းဆီးခဲ့တဲ့သူတွေဟာ လမ်းလုပ်သား အယောင်ဆောင်ပြီး KNDO စခန်းတွေကို ဒရုန်းနဲ့ထောက်လှမ်းနေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တယ်လို့ ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Irrawaddy ကို ဇွန် ၁၄ ရက်က ပြောဆိုထားပါတယ်။

သေဆုံးသွားတဲ့သူတွေဟာ စစ်တပ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေထိမှန်ပြီး သေဆုံးခဲ့တာတွေရှိသလို ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ခဲ့ရတာတွေလည်းရှိတယ်လို့ စောဝါနေနူးကပြောထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပက်သတ်ပြီး အရေးယူနိုင်ဖို့ KNU ဌာနချုပ်ကို မြန်မာစစ်တပ်ရဲ့ အရှေ့တောင်တိုင်း စစ်ဋ္ဌာနချုပ်ကနေတဆင့် ဇွန် ၁၃ ရက်နေ့ရက်စွဲနဲ့ ကန့်ကွက်လွာပို့ခဲ့တယ်လို့ KNU ဗဟိုက တာဝန်ရှိသူတစ်ဦးက RFAကို ပြောပါတယ်။ KNU ဗဟိုက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှာဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို အသိပေးထုတ်ပြန်သွားမယ်လို့ ဇွန် ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

KNU ဟာ လက်နက်ကိုင်တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေကို သတ်ဖြတ်တဲ့ဖြစ်စဉ်တွေကို လက်မခံသလို Geneva Convention ကို လိုက်နာတဲ့အဖွဲ့ဖြစ်လို့ သတ်ဖြတ်မှုတွေဖြစ်ပေါ်ခဲ့ရင်လည်း အရေးယူမှုတွေပြုလုပ်ဖို့ သတ်မှတ်ချက်တွေရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့