KNU နဲ့ KIO ပူးတွဲကြေညာချက်ထုတ်ပြန်
2017.02.16
KNU နဲ့ KIO ရဲ့ ပူးတွဲကြေညာချက်ကို တွေ့ရစဉ်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လနဲ့ ကရင် အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဒီနေ့ တွေ့ဆုံပြီး နိုင်ငံရေးပြဿနာတွေ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့တွေအားလုံး ပါဝင်လာဖို့အတွက် ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေမှာ ဘယ်လို အခက်အခဲတွေရှိတယ်၊ အားလုံးပါဝင်လာဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ဘယ်လို လုပ်ကြမလဲဆိုတာတွေကို ဆွေးနွေးခဲ့တယ် လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ KNU အလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတာဒိုမှုး က ပြောပါတယ်။
"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ တတ်နိုင်ရင်တော့ အားလုံးကိုပါဝင်စေချင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ကြိုးစားနေတာဖြစ်ပါတယ်။ တစ်ဖွဲ့ပါလည်း တစ်ဖွဲ့ပေါ့။ ဥပမာ ဆိုလိုချင်တာက ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ အဖွဲ့အစည်းတိုင်းက ပါဝင်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် မှာပေါ့နော်။ ဒါ့အတွက်ကြောင့်မို့လို့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေက သူတို့မှာ ဘာအခက် အခဲတွေရှိသလဲ၊ ဘယ်လိုအကြောင်းအရာတွေရှိသလဲဆိုတာ ကျနော်တို့ မသိဘူးဆိုရင် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင်နဲ့ အားလုံးပါဝင်မယ့် အပိုင်းမှာ လုပ်နိုင်မှာ မဟုတ်ဘူးလေ"
ဒီတွေ့ဆုံပွဲကို ပြုလုပ်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အန်ဘန်လက KNU ကို ဖိတ်ကြားခဲ့တာဖြစ်ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့က အကြံပေး ဦးခွန်ဆိုင်းနဲ့ ဦးဟန်ညောင်ေ၀ တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
KIO အဖွဲ့အနေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCAကို လက်မှတ်မထိုးချင်လို့ မဟုတ်ဘဲ သူတို့အဖွဲ့တွေ တင်ပြထားတဲ့ အချက် ၈ ချက်ကို အစိုးရက ကျေလည်အောင် ဖြေရှင်းပေးဖို့ လိုလားနေကြတာဖြစ်ပြီး တကယ်လို့ ၂၁ ရာစု ပင်လုံညီလာခံ တက်ခွင့်ရမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးဖို့အတွက် ပြင်ဆင်မူတွေ လုပ်နေကြတယ်လို့ ပဒိုစောတာဒိုးမူ ကပြောပါတယ်။
ဒါ့အပြင် JMC တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရ တပ်မတော်နဲ့ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေ ဘယ်လိုညှိနှိုင်းဆောင်ရွက်နေကြသလဲ ဆိုတဲ့အချက်တွေကို KIO က မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ KNU ဥက္ကဌ စောမူ တူးစေးဖိုးခေါင်းဆောင်တဲ့ အဖွဲ့နဲ့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်တို့ တွေ့ဆုံပြီး လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
လာမယ့် မတ်လမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့က ခေါင်းဆောင်တွေ တွေ့ဆုံဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒီကိစ္စကို KNU အလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတာဒိုမှုး ပြောဆိုမှုမရှိခဲ့ပါဘူး။









