မွန်ပြည်သစ်နဲ့ ကေအန်ယူ မုဒုံမှာ ပစ်ခတ်မှုဖြစ်ပွား


2018.03.06
knu-soldiers-622.jpg ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ ၆၇ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ KNLA တပ်သားတွေကို တွေ့ရစဉ်
Photo: RFA

မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးမှာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ လက်အောက်ခံတပ်နဲ့ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် လက်အောက်ခံတပ်တို့ မနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဘက်က ကေအန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ကြိုးဝိုင်းထဲကို ဝင်လာတာကြောင့် ပစ်ခတ်မှုဖြစ် တာလို့ KNU တပ်မဟာ ၆ တာဝန်ရှိသူ ပဒိုစောအဲဒါးက ပြောပါတယ်။

"သူတို့က ကျနော်တို့ရဲ့ ထိန်းထားတဲ့ ကြိုးဝိုင်းထဲ ဝင်လာလို့လေ။ အဲမှာ ဝင်လာတာမြင်တော့ လှမ်းပစ်လိုက်တာ ပဲ။ တစ်ချက်လေးပါပဲ။ လူကြီးတွေကတော့ ကိုယ့်နေရာကိုယ် နေဖို့ နှစ်ဘက်စလုံးကတော့ ညွှန်ကြားထားတာ ပေါ့လေ"

မွန်ပြည်သစ်ပါတီဘက်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ခေါင်းဆောင်တွေ ခရီးသွားနေတာကြောင့် မေးမြန်း လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြိုနယ်  အလယ်စခန်းကျေးရွာနားမှာ KNU နဲ့ မွန်ပြည်သစ်ပါတီတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

နှစ်ဘက်အောက်ခြေတပ်တွေ တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၆ရက်နေ့ကပြုလုပ်ခဲ့ပြီး နှစ်ဖက်တပ်တွေ ထိန်းထိန်းသိမ်းသိမ်းနေဖို့ နှစ်ဖက်ခေါင်းဆောင်တွေက ညွှန်ကြားထားတယ်လို့ ပဒိုစောအဲဒါးက ပြောပါတယ်။

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းနယ်စပ်ဖြစ်တဲ့ ရေဖြူမြို့နယ်မှာ မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူတို့ဟာ နယ်မြေအငြင်းပွားမှုနဲ့ မကြာခဏ ပစ်ခတ်မှုတွေဖြစ်နေတာဖြစ်ပါတယ်။

KNU ဟာ ၂၀၁၃ ခုနှစ်ကတည်းက အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့က NCA လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။