သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

2022.05.18
သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက် KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်နေ့မှာ တွေ့ရစဥ်
Photo: KNU
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်က စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို KNLA ပူးပေါင်း တပ်ဖွဲ့တွေက မေလ ၁၈ ရက် ဒီမနက်က သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေ ကြောင်းကနေ ၃၅ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း ရောက်ရှိနေသူတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဟာ သေ့ဘောဘိုး ဒေသတစ်ဝိုက်မှာ နေ့လယ် ၁၂ နာရီဝန်းကျင်ကစလို့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေကို အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
 
သေ့ဘောဘိုး ဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တို့ဟာ မေလ ၁၇ ရက် မနေ့ညကတည်းက စစ်ရေးတင်းမာနေခဲ့တာလို့ ဒေသတွင်း ရောက်ရှိနေသူက ပြောပါတယ်။
 
"မနေ့ညကတည်းက တိုက်တာ။ Cobra စစ်ကြောင်းနဲ့ ဗိုလ်စလုံးတို့ ပေါင်းတိုက်တာ။ အထိုင်စခန်းတစ်ခုပဲ အင်အားများတယ်"
 
သေ့ဘောဘိုး စခန်းဟာ ဒီဒေသမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
 
တိုက်ပွဲကနေ စစ်ကောင်စီရဲ့ လက်နက်တွေကို ရရှိထားသလို စစ်ကောင်စီဘက်က အကျအဆုံး များနိုင်တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Cobra စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပြ ပါတယ်။
 
"ပြီးခဲ့တဲ့ သုံးမိနစ်၊ ခုနကပဲ လေယာဉ်ကြဲသွားတာ။ ရန်သူ့လက်နက်တွေ၊ အလောင်းတွေ ရတယ်။ စစ်သားတွေ အရှင်မိတာလည်းရှိတယ်။ ဒါပေမဲ့ အခု မရေတွက်ရသေးဘူး။ ကျနော် တို့ဘက်ကလည်း ထိခိုက်သေဆုံး တာရှိတယ်။ ဒဏ်ရာရတာ ရှိတယ်။ အခုလောလောဆယ် တော့ နှစ်ယောက်၊ သုံးယောက်ကျတာတော့ သိထားတယ်။ အတိအကျ မရေတွက်ရသေးဘူး"
 
ဒီ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲမှာ KNU/KNLA က ဦးဆောင်ပြီး Cobra စစ်ကြောင်း၊ KNDO၊ ဗိုလ်စလုံး၊ ကျားသစ်နက်စစ်ကြောင်းနဲ့ ပူးပေါင်းအဖွဲ့တွေ ပါဝင်တယ်လို့ သူက ပြောပြပါတယ်။
 
သေ့ဘောဘိုးစခန်း အသိမ်းခံရတာနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။
 
စစ်တပ်က အာဏာာသိမ်းပြီးနောက် ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေထဲက တိုက်ပွဲတွေဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ လေးကေ့ကော်မြို့သစ်တိုက်ပွဲကနေ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေတာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။