မြောက်ဦးနဲ့ မြေပုံက မွတ်ဆ လင်တွေ ရခိုင်ကော်မရှင် နဲ့ တွေ့ဆုံ
2016.12.04
မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကို ဒီဇင်ဘာလ ၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ တွေ့ရစဉ်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်နဲ့အဖွဲ့ဟာ ဒီနေ့ မြောက်ဦးနယ် က မွတ်ဆလင်ကျေးရွာတချို့ရဲ့ အခြေအနေတွေ ကိုသွားရောက် လေ့လာခဲ့သလို မြေပုံမြို့မှာရှိတဲ့ တောင်ပေါ် ရပ်ကွက် မွတ်ဆလင်ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။
မြေပုံမြို့က မွတ်ဆလင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံသားကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့ တောင်ပေါ် မွတ်ဆလင်ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ကျော်ထွန်းက ပြော ပါတယ်။
"ကိုဖီအာနန်က မေးခွန်းထုတ်တယ်၊ မေးခွန်းထုတ်တာကို ကျနော်တို့က ဖြေလိုက်တာပဲရှိတယ် ၊ နိုင်ငံသားကတ် ရထားတဲ့လူတွေကတော့ ၉ဝ ကျော်ရှိတယ်၊ ကတ်မရတဲ့လူတွေကတော့ ၇ဝဝ ကျော် ရှိတယ်၊ အသွားအလာခွင့် လောလောဆယ် ကျနော်တို့က မရဘူး၊ အခုကတော့ ကျနော်တို့က ဘာမှသွားလာခွင့်လည်းမရဘူး၊ အဲဒီလိုပြောလိုက်တယ်"
ပြီးခဲ့တဲ့ အစိုးရလက်ထက် လဝကဝန်ကြီးဟောင်း ဦးခင်ရီကိုယ်တိုင်က နိုင်ငံသားရတဲ့ မွတ်ဆလင်တွေ ကို လွတ်လပ်စွာသွားလာခွင့်ပြုမယ်လို့ ကတိပေးခဲ့ပေ မယ့် တကယ်လက်တွေ့မှာတော့ တောင်ပေါ် ဒုက္ခသည်စခန်းကနေ ဒီနေ့အထိ အပြင်ကို ထွက်ခွင့်မရတဲ့အကြောင်း ဒုက္ခသည်တွေက မစ္စတာ ကိုဖီအာနန်ကို တင်ပြခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် မြေပုံမြို့မှာရှိတဲ့ မွတ်ဆလင်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး၊ ပညာရေးအခြေအနေတွေ ချို့တဲ့နေတဲ့အကြောင်းကိုလည်း တင်ပြခဲ့တယ် လို့ ပြောပါတယ်။
မစ္စတာ ကိုဖီအာနန်နဲ့အဖွဲ့ဟာ ဒီနေ့ မနက်ပိုင်းက မြောက်ဦးမြို့ကို ရဟတ်ယာဉ်နဲ့ရောက်ရှိချိန်မှာ အံတော်သိမ် ပုထိုးအနီးမှာ ထောင်နဲ့ချီတဲ့ ရခိုင်တိုင်းရင်းသားတွေ က အကြံပေးကော်မရှင် အဖွဲ့ကိုဖျက်သိမ်းပေးဖို့၊ ဘင်္ဂါလီကို ဘင်္ဂါလီလို့ ခေါ်ဆိုသုံးနှုန်းဖို့ စတဲ့ အချက်တွေနဲ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ သျှစ်သောင်းပုထိုးတော်အတွင်းက ရခိုင့်ရှေးဟောင်း အနုပညာလက်ရာတွေကို လေ့လာခဲ့သလို ပေါင်းတုတ် မွတ်ဆလင်ကျေးရွာကို သွားရောက်ပြီး မွတ်ဆလင်တွေ နဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။









